၂၀၂၀ ခုနှစ် ဖီးနစ် အဆိုစီရေးရှင်း အစီရင်ခံစာ
ဖီးနစ်အဆိုစီရေးရှင်းသည် ပြည်တွင်းလူမှုစီးပွားရေးအဖွဲ့အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ အသင်းအဖွဲ့ မှတ်ပုံတင်အား ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင် ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် သင်းဖွဲ့ မှတ်ပုံတင် အမှတ် ၁ / ပြည်တွင်း / ၁၃၂၃ ဖြင့် သက်တမ်းတိုးမြင့်ခွင့် ထပ်မံရရှိ၍ လူမှုစီးပွားရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေသော ပြည်တွင်း အဖွဲ့အစည်း ဖြစ်ပါသည်။
အဖွဲ့၏ ပင်မရုံးချုပ်အား ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သမ္ဗူလလမ်း၊ ထီးလှိုင်ရှင် အိမ်ရာ၊ အိမ်အမှတ် ၁၅၈ (ဒီ) တွင် ဖွင့်လှစ်ထားရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာ မြို့နယ်၊ အမှတ် ၁၁၂၊ သုဓမ္မာလမ်းမကြီး၊ (ဌ) ရပ်ကွက်တွင် စီမံချက် ရုံးခွဲတစ်ခုအား ဖွင့်လှစ်၍ ကျန်းမာရေး (HIV) ဆိုင်ရာ စီမံချက်များ အကောင်အထည်ဖော် လုပ်ဆောင်လျက် ရှိပါသည်။
၂၀၁၂ ခုနှစ်မှ စတင်ပြီး HIV/AIDS ဆိုင်ရာထိခိုက်လွယ် အုပ်စုများ၏ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နှင့်ကိုက်ညီသော တရားစီရင်ရေးဆိုင်ရာရပိုင်ခွင့်များကို အပြည့်အဝရရှိနိုင်စေရန်၊ အဆိုပါ အုပ်စုများအတွက် မူဝါဒကောင်းများ ပေါ်ထွန်းလာ စေရန်နှင့် တရားမျှတပြီး အကာအကွယ်ပေးနိုင်မည့် ဥပဒေကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်လျက် တရားဉပဒေ စိုးမိုးရေး အစီအစဉ်ကို စတင်ခဲ့ပြီး အဆိုပါအုပ်စုများ၏ အခက်အခဲများ ပြသနာများအတွက် အရေးဆိုတင်ပြမှုများပြုလုပ်ခြင်း၊ ဥပဒေရေးဆွဲခြင်း၊ ဥပဒေအထောက်အကူ ပြုခြင်း၊ ဥပဒေအသိပညာပေးခြင်း၊ မူဝါဒရေးဆွဲခြင်း ကိစ္စရပ်များတွင် စတင် ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။
၂၀၂၀ ခုတွင် စီမံချက်နှင့် ရုံးဝန်ထမ်း စုစုပေါင်း ( ၆၇ ) ဦးဖြင့် အောက်ပါလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။
- အဖွဲ့၏ လူမှု စီးပွားရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ
- ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ဥပဒေဆိုင်ရာ စီမံချက်များ
- ပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ
အဖွဲ့၏ လူမှု စီးပွားရေး နှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ
စတင်ဖွဲ့စည်းခဲ့စဉ်မှ ယနေ့အချိန်ထိ HIV ပိုးဖြင့် ရှင်သန်နေကြသူများနှင့် ယင်းတို့၏ မိသားစုများ သာမက နွမ်းပါးသူ၊ အသိပညာဗဟုသုတ လိုအပ်နေသောသူများ အတွက် ပံ့ပိုးကူညီ စောင့်ရှောက်သော လုပ်ငန်းများနှင့် အဖွဲ့၏ ရံပုံငွေအတွက် အိမ်တွင်းမှု စီးပွားရေးလုပ်ငန်း (အထည်ချုပ်) ကို လုပ်ဆောင်ခဲ့ကြ ပါသည်။
HIV ပိုးကြောင့် နာမကျန်းဖြစ်ကာ မင်္ဂလာဒုံ အထူးကုဆေးရုံသို့ လာရောက်ကုသသူများအနက် စောင့်ရှောက်မည့် သူများ လိုအပ်နေသည့် လူနာများ၊ နွမ်းပါးလူနာများအား အခကြေးငွေ မယူပဲ လူနာစောင့် အဖြစ် ဖီးနစ်အဖွဲ့၏ လုပ်အားပေး (၉) ဦးမှ မင်္ဂလာဒုံဆေးရုံအုပ်ကြီး၏ ခွင့်ပြုမှုဖြင့် နေ့စဉ် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။
စီးပွားရေးလုပ်ငန်းအနေဖြင့် အသေးစား အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး ရရှိလာသည့် အကျိုးအမြတ် တို့ကို လူမှုရေးလုပ်ငန်းများတွင် အသုံးပြုခြင်းနှင့် အဖွဲ့ ရေရှည်တည်တံ့ရေး ရံပုံငွေတို့အတွက် အသုံးပြုလျက် ရှိပါသည်။ စက်ချုပ်လုပ်ငန်းမှာလည်း သမဝါယမ ဝန်ကြီးဌာန၊ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းမှ လုပ်ငန်း မှတ်ပုံတင်ဖြင့် လုပ်ဆောင်နေပြီး လူမှုရေး စျေးရောင်းပွဲများ နှင့် ပြင်ပမှ မှာယူသူများအတွက် ချုပ်လုပ် ပေးလျက်ရှိပါသည်။
၂၀၂၀ ခုနှစ် ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ဥပဒေဆိုင်ရာ စီမံချက်များ
(၁) HIV / TB ကာကွယ်ရေး စီမံချက် (အမျိုးသားချင်း ချစ်ခင်စုံမက်သူများအတွက်)
(၂) HIV / TB ကာကွယ်ရေး စီမံချက် (အမျိုးသမီး လိင်လုပ်သားများအတွက်)
(၃) ကုသခြင်း၊ HIV သွေးစစ်ခြင်း နှင့် နှစ်သိမ့်ဆွေးနွေးခြင်း စီမံချက်
(၄) လူထုပါ၀င် တီဘီကင်းစင် မြန်ပြည်တစ်ခွင် စီမံချက်
လူထုပါ၀င် တီဘီကင်းစင် မြန်ပြည်တစ်ခွင် စီမံချက်
စီမံချက်အမျိုးအစား - လူထုပါဝင်သည့် TB ရောဂါ ကျန်းမာရေး ပညာပေး ဝန်ဆောင်မှု
ရံပုံငွေ ပမာဏ - အမေရိကန်ဒေါ်လာ ၅၆၉,၅၇၅ (သြဂုတ် ၂၀၂၀ မှ ဇူလိုင် ၂၀၂၃ အထိ)
အလှူရှင် အဖွဲ့အစည်း - ပြည်ကြီးခင် / USAID
ဝန်ထမ်းအရေအတွက် - (၈) ဦး
စီမံချက် ဧရိယာ - ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း (ပြည်)၊ ဧရာဝတီတိုင်းဒေသကြီး (မအူပင်၊ ဇလွန်)၊ စစ်ကိုင်းတိုင်းဒေသကြီး (ရွှေဘို၊ မုံရွာ၊ ကလေး)
စီမံချက်မိတ်ဆက်
မြန်မာနိုင်ငံတွင် တီဘီ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိရာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရန်အတွက် အထူးသဖြင့် တီဘီ ရောဂါ ခံစားနေရသူများ၊ ကုသပျောက်ကင်းသူများနှင့် အတူ လူထုမှ တက်ကြွစွာ ပါဝင်လာရန် စည်းရုံးလှုံ့ဆော် ပညာပေးလုပ်ငန်းများအား ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန National TB Program လမ်းညွှန်ချက်များအရ ဆောင်ရွက်မည့် (၃)နှစ် စီမံချက် ဖြစ်ပါသည်။
စီမံချက်လုပ်ငန်းများ
၂၀၂၀ ခုနှစ် အောက်တိုဘာလတွင် စတင်ခဲ့သော်လည်း ကိုဗစ် ကန့်သတ်ချက်များကြောင့် စီမံချက် ဒေသ များသို့ သွားရောက်နိုင်ခြင်း မရှိသေးပါ။ ဝန်ထမ်းခန့်ထားခြင်း၊ စီမံချက်လုပ်ငန်းများ ပြင်ဆင်ညှိနှိုင်းခြင်း၊ အွန်လိုင်း အစည်းအဝေးများအား မိတ်ဖက် အဖွဲ့များ၊ ကျန်းမာရေး လူထုကွန်ရက်များနှင့် ပြုလုပ်ခြင်းများသာ ဆောင်ရွက် လျက်ရှိပါသည်။
ပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ
၂၀၂၀ ခုနှစ်အတွင်း ကိုဗစ် ၁၉ ကန့်သတ်မှုများကြောင့် ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှု မပြုလုပ်နိုင်ခဲ့ပါ။
သို့သော် ပြည်တွင်းတွင် ကျန်းမာရေးလုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (အမျိုးသား ခုခံကျ/ကာလသား စီမံချက်)၊ ပြည်ကြီးခင်၊ FHI 360 ၊ မဟာမိတ်မြန်မာ၊ Medical Action Myanmar (MAM) ၊ ICAP ၊ UNAIDS ၊ အမျိုးသမီး အဖွဲ့အစည်းများကွန်ရက်၊ အေးမြန်မာ အဆိုစီရေးရှင်း၊ အေးငြိမ်းမေတ္တာ၊ Lotus တို့အပြင် HIV လုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ HIV ပိုးနှင့် အသက်ရှင် နေထိုင်သူများကွန်ရက်၊ မြန်မာနိုင်ငံ HIV ပိုးနှင့် အသက်ရှင် နေထိုင်သူများကွန်ရက်၊ တော်ဝန်ခရေ ကွန်ရက်၊ ပဒုမ္မာကွန်ရက်၊ မူးယစ်ဆေးဝါး သုံးစွဲသူများကွန်ရက်၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ AIDS ကွန်ရက်၊ မြန်မာ လူမှုအဖွဲ့အစည်းများ ကွန်ရက်၊ မြန်မာလူငယ် ကြယ်ပွင့်များကွန်ရက်တို့နှင့် အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။
တရားဉပဒေ စိုးမိုးရေးလုပ်ငန်းများကိုလည်း မြန်မာနိုင်ငံ ဉပဒေအထောက်အကူပြုကွန်ရက်၊ အမျိုးသမီး အဖွဲ့အစည်းများ ကွန်ရက်၊ USAID ၊ Open Society Foundation ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် သက်ဆိုင်ရာ ကော်မတီများ တို့နှင့် ချိတ်ဆက် လုပ်ဆောင်ခဲ့ပါသည်။
ဖီးနစ်အဆိုစီရေးရှင်းသည် ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ် ကန့်သတ်ချက်များကြောင့် ရုံးလုပ်ငန်းများအား ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် အစည်းအဝေးများနှင့် သင်တန်းများအား အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေါ်လစီများ ပြန်လည်သုံးသပ်ရေးဆွဲခြင်း၊ အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။