၂၀၂၀ ခုနှစ် ဖီးနစ် အဆိုစီရေးရှင်း အစီရင်ခံစာ
ဖီးနစ်အဆိုစီရေးရှင်းသည် ပြည်တွင်းလူမှုစီးပွားရေးအဖွဲ့အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ အသင်းအဖွဲ့ မှတ်ပုံတင်အား ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင် ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် သင်းဖွဲ့ မှတ်ပုံတင် အမှတ် ၁ / ပြည်တွင်း / ၁၃၂၃ ဖြင့် သက်တမ်းတိုးမြင့်ခွင့် ထပ်မံရရှိ၍ လူမှုစီးပွားရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေသော ပြည်တွင်း အဖွဲ့အစည်း ဖြစ်ပါသည်။
အဖွဲ့၏ ပင်မရုံးချုပ်အား ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သမ္ဗူလလမ်း၊ ထီးလှိုင်ရှင် အိမ်ရာ၊ အိမ်အမှတ် ၁၅၈ (ဒီ) တွင် ဖွင့်လှစ်ထားရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာ မြို့နယ်၊ အမှတ် ၁၁၂၊ သုဓမ္မာလမ်းမကြီး၊ (ဌ) ရပ်ကွက်တွင် စီမံချက် ရုံးခွဲတစ်ခုအား ဖွင့်လှစ်၍ ကျန်းမာရေး (HIV) ဆိုင်ရာ စီမံချက်များ အကောင်အထည်ဖော် လုပ်ဆောင်လျက် ရှိပါသည်။
၂၀၁၂ ခုနှစ်မှ စတင်ပြီး HIV/AIDS ဆိုင်ရာထိခိုက်လွယ် အုပ်စုများ၏ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နှင့်ကိုက်ညီသော တရားစီရင်ရေးဆိုင်ရာရပိုင်ခွင့်များကို အပြည့်အဝရရှိနိုင်စေရန်၊ အဆိုပါ အုပ်စုများအတွက် မူဝါဒကောင်းများ ပေါ်ထွန်းလာ စေရန်နှင့် တရားမျှတပြီး အကာအကွယ်ပေးနိုင်မည့် ဥပဒေကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်လျက် တရားဉပဒေ စိုးမိုးရေး အစီအစဉ်ကို စတင်ခဲ့ပြီး အဆိုပါအုပ်စုများ၏ အခက်အခဲများ ပြသနာများအတွက် အရေးဆိုတင်ပြမှုများပြုလုပ်ခြင်း၊ ဥပဒေရေးဆွဲခြင်း၊ ဥပဒေအထောက်အကူ ပြုခြင်း၊ ဥပဒေအသိပညာပေးခြင်း၊ မူဝါဒရေးဆွဲခြင်း ကိစ္စရပ်များတွင် စတင် ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။
၂၀၂၀ ခုတွင် စီမံချက်နှင့် ရုံးဝန်ထမ်း စုစုပေါင်း ( ၆၇ ) ဦးဖြင့် အောက်ပါလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။
- အဖွဲ့၏ လူမှု စီးပွားရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ
- ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ဥပဒေဆိုင်ရာ စီမံချက်များ
- ပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ
အဖွဲ့၏ လူမှု စီးပွားရေး နှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ
စတင်ဖွဲ့စည်းခဲ့စဉ်မှ ယနေ့အချိန်ထိ HIV ပိုးဖြင့် ရှင်သန်နေကြသူများနှင့် ယင်းတို့၏ မိသားစုများ သာမက နွမ်းပါးသူ၊ အသိပညာဗဟုသုတ လိုအပ်နေသောသူများ အတွက် ပံ့ပိုးကူညီ စောင့်ရှောက်သော လုပ်ငန်းများနှင့် အဖွဲ့၏ ရံပုံငွေအတွက် အိမ်တွင်းမှု စီးပွားရေးလုပ်ငန်း (အထည်ချုပ်) ကို လုပ်ဆောင်ခဲ့ကြ ပါသည်။
HIV ပိုးကြောင့် နာမကျန်းဖြစ်ကာ မင်္ဂလာဒုံ အထူးကုဆေးရုံသို့ လာရောက်ကုသသူများအနက် စောင့်ရှောက်မည့် သူများ လိုအပ်နေသည့် လူနာများ၊ နွမ်းပါးလူနာများအား အခကြေးငွေ မယူပဲ လူနာစောင့် အဖြစ် ဖီးနစ်အဖွဲ့၏ လုပ်အားပေး (၉) ဦးမှ မင်္ဂလာဒုံဆေးရုံအုပ်ကြီး၏ ခွင့်ပြုမှုဖြင့် နေ့စဉ် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။
စီးပွားရေးလုပ်ငန်းအနေဖြင့် အသေးစား အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး ရရှိလာသည့် အကျိုးအမြတ် တို့ကို လူမှုရေးလုပ်ငန်းများတွင် အသုံးပြုခြင်းနှင့် အဖွဲ့ ရေရှည်တည်တံ့ရေး ရံပုံငွေတို့အတွက် အသုံးပြုလျက် ရှိပါသည်။ စက်ချုပ်လုပ်ငန်းမှာလည်း သမဝါယမ ဝန်ကြီးဌာန၊ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းမှ လုပ်ငန်း မှတ်ပုံတင်ဖြင့် လုပ်ဆောင်နေပြီး လူမှုရေး စျေးရောင်းပွဲများ နှင့် ပြင်ပမှ မှာယူသူများအတွက် ချုပ်လုပ် ပေးလျက်ရှိပါသည်။
၂၀၂၀ ခုနှစ် ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ဥပဒေဆိုင်ရာ စီမံချက်များ
(၁) HIV / TB ကာကွယ်ရေး စီမံချက် (အမျိုးသားချင်း ချစ်ခင်စုံမက်သူများအတွက်)
(၂) HIV / TB ကာကွယ်ရေး စီမံချက် (အမျိုးသမီး လိင်လုပ်သားများအတွက်)
(၃) ကုသခြင်း၊ HIV သွေးစစ်ခြင်း နှင့် နှစ်သိမ့်ဆွေးနွေးခြင်း စီမံချက်
(၄) လူထုပါ၀င် တီဘီကင်းစင် မြန်ပြည်တစ်ခွင် စီမံချက်
ပတ်ဝန်းကျင်အား ပိုမိုမြင့်မားသောအသိအမြင်တိုးမြှင့်ခြင်းအားဖြင့်မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒအား ချဉ်းကပ်မှု စွမ်းဆောင်ရည် တိုးတက်ရေး စီမံချက်
စီမံချက်အမျိုးအစား - ပတ်သက်ဆက်နွယ်သူများအား မူးယစ်ဆေးဝါး ဆိုင်ရာမူဝါဒ နှင့် မူးယစ်ဆေးဝါး ပြဿနာ ဆိုင်ရာ အသိပညာများ ပေးခြင်း
ရံပုံငွေ ပမာဏ - US dollar ၈၀,၀၀၀
အလှူရှင် အဖွဲ့အစည်း - Open Society Foundation
ဝန်ထမ်းအရေအတွက် - (၁၀) ဦး
စီမံချက် ဧရိယာ - မြန်မာပြည်တွင်း
စီမံချက် ဆောင်ရွက်မှုများနှင့် ရလဒ်များ
Open Society Foundation ၏ ပံ့ပိုးကူညီမှုဖြင့် ဖီးနစ်အဖွဲ့မှ အကောင်အထည် ဖော်ဆောင်ရွက်သော အထက်ပါစီမံချက်သည် ၂၀၂၀ ခုနှစ်တွင် Stakeholders များသို့ မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာ အသိပညာပေးခြင်း နှင့် လွှတ်တော်သို့ မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာ အရေးဆိုတင်ပြခြင်း လုပ်ငန်းစဥ် (၂) ခုဖြင့် လည်ပတ်ဆောင်ရွက် ခဲ့ပါသည်။
အရေးဆိုတင်ပြဆွေးနွေးမှု အစည်းအဝေးများ
စီမံချက်လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရာတွင် အဓိကလုပ်ဆောင်ရမည့် Advocacy Meeting များမှ ပထမအကြိမ်အစည်းအဝေးကို ၆.၁၂.၂၀၁၉ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရုံးခန်း၌ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့် စပ်လျဥ်း၍ အရပ်ဖက်အဖွဲ့များမှ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရာတွင် ကြုံတွေ့နေရသည့် အခက်အခဲများနှင့် ဥပဒေပညာရှင်များ၏ လေ့လာတွေ့ရှိ မှုများမှ သုံးသပ်အကြုံပြု ချက်များ၊ မူဝါဒများ နှင့် လုပ်ထုံးလုပ်နည်းများအား အပြန်အလှန် တင်ပြ ဆွေးနွေးမှုများ ပြုလုပ်နိုင်ခဲ့ပါသည်။
ဒုတိယအကြိမ် အစည်းအဝေးကို ကျင်းပနိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ ကို ဖေဖော်ဝါရီ ၂၀၂၀ တွင် ပြုလုပ်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဌမှ ၂၀၂၀၊ မတ်လ တတိယပတ်တွင် တွေ့ဆုံခွင့်ပေးခဲ့သော်လည်း လွှတ်တော်တွင် ဖွဲ့စည်းပုံအခြခံဥပဒေပြင်ဆင်ရေး အရေးပေါ်အစည်းအဝေးများကြောင့် မိမိတို့ သွားရောက် တွေ့ဆုံရမည့် မူလသတ်မှတ် ပေးခဲ့သည့်ရက်ကို လွှတ်တော်မှ ပြန်လည်ပယ်ဖျက်ခဲ့ပါသည်။ ထို့နောက် ၂၀၂၀ ခုနှစ် ဧပြီလနှင့် Covid - 19 ကူးစက်ရောဂါ လျင်မြန်စွာ ကူးစက်လျက်ရှိခြင်းတို့ကြောင့် အထက်ပါ အစီအစဥ်ကို ၂၀၂၀ ခုနှစ်အတွင်း ပြန်လည် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါ။
အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲ
၂၀၂၀ခုနှစ်အတွင်း မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဥ်း အသိပညာမျှဝေခြင်း ဆွေးနွေးပွဲကို ဖီးနစ်အဖွဲ့မှ ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်နေ့တွင် မန္တလေးမြို့ရှိ မီးရထားဟိုတယ်တွင် အောင်မြင်စွာ ကျင်းပ ခဲ့ပါသည်။ ဆေးနွေးပွဲသို့ မန္တလေးတိုင်း ၊ ရှမ်းတောင်နှင့် ကချင်ပြည်နယ်တို့မှ ဥပဒေဆိုင်ရာ အထောက်အကူပေး ရှေ့နေ့များ ၊ Law Firm များမှ ရှေ့နေများ နှင့် မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များတွင် တက်ကြွလှုပ်ရှားကြသော အရပ်ဖက်အဖွဲ့များမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး တက်ကြွစွာပူးပေါင်းပါဝင် ဆွေးနွေးခဲ့ကြပါသည်။ Covid-19 ဖြစ်ပွားနေသည့် ကာလဖြစ်သည် နှင့် အညီ ဆွေးနွေးပွဲကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့် အညီ အတိအကျလိုက်နာ ကျင်းပခဲ့ရခြင်းလည်း ဖြစ်ပါသည်။ စီမံချက်အကြံပေး ပညာရှင် ဆရာထွေးကြူမှ အလုပ်ရုံဆွေးနွေးပွဲကို ဦးဆောင် ဆွေးနွေးပေးခဲ့ခြင်းဖြစ်ပါသည်။
စီမံချက်ထောက်ကူ ပစ္စည်းများ ထုတ်လုပ်ဖြန့်ဝေခြင်း
"Decriminalization of drug use" စာအုပ်ကို ၂၀၂၀ ခုနှစ် မေလအတွင်းတွင် စီမံချက်အကြံပေး ဆရာ Dr. Htwekyu မှ ရေးသား ပြီးစီးခဲ့ပြီး ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်းများကို ဆက်လက် အကောင်အထည် ဖော်ဆောင် ခဲ့ရာ အုပ်ရေ (၅၀၀) ကို ၂၀၂၀ ခုနှစ် ဇွန်လအတွင်းတွင် ထုတ်ဝေနိုင်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲများ/ သက်ဆိုင်ရာ ဦးတည် အုပ်စုများ / တရားရေးတာဝန်ရှိသူများ / စိတ်ပါဝင်စားသူများနှင့် အရပ်ဖက်အဖွဲ့များထံ ဖြန့်ဝေပေးနိုင် ခဲ့ပါသည်။
၂၀၁၉ ခုနှစ်တွင် ထုတ်ဝေခဲ့သော Dr. Htwe Kyu ရေးသားထားသော မြန်မာနိုင်ငံတွင် အသစ် ပြင်ဆင် ပြဌာန်း လိုက်သော မူးယစ်ဆေးဝါးဥပဒေနှင့် အမျိုးသားမူးယစ်ဆေးဝါးမူဝါဒကို ယှဥ်တွဲသုံးသပ် ထားသည့် "Unbalanced Booklet" စာအုပ်များကိုလည်း သက်ဆိုင်ရာ ဦးတည်အုပ်စုများ၊ တရားရေးတာဝန် ရှိသူများ၊ စိတ်ပါဝင်စား သူများနှင့် အရပ်ဖက်အဖွဲ့များထံ ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။
စီမံချက်ထောက်ကူ ပစ္စည်းဖြစ်သော သတင်းအချက်အလက်များထ ည့်သွင်းဖော်ပြထားသည့် Memory Stick (၂၀၀)ခု ကိုလည်း ၂၀၂၀ ခုနှစ်တွင်း ထုတ်လုပ်နိုင်ခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲများတွင် ဖြန့်ဝေနိုင်ခဲ့ ခဲ့ပါသည်။
Covid 19 တုန့်ပြန်ဆောင်ရွက်ချက်များ
Covid 19 ကူးစက်မြန် ရောဂါ ကာကွယ်တားဆီးရေးအတွက် Open Society Mayanmar မှ ရန်ပုံငွေဖြင့် Covid 19 Response activity အား အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ပါသည်။ ဧပြီလ (၄) ရက်နေ့တွင် Phoenix အဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်များ အတိုင်း နှာခေါင်းစည်း၊ လက်အိတ်နှင့်လက်သန့်ဆေးများကိုင်ဆောင်၍ လှိုင်သာယာမြို့နယ် အတွင်းရှိ ဆိုင်ကယ် ကယ်ရီဂိတ်များ၊ ကားဂိတ်များနှင့် နွမ်းပါးသော မိသားစုများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော Covid 19 အသိပညာပေးထုတ်ပြန်ချက်များကို Print ထုတ်ထားသည့် လက်ကမ်း စာစောင် (၂၀၀၀) ကျော်နှင့် လက်ဆေးဆပ်ပြာ (၁၀၀၈) ခဲအား ပံ့ပိုးကူညီခဲ့ပါသည်။ ထိုသို့ ဖြန့်ဝေပေးရာတွင် ပြည်သူများအနေဖြင့် စိတ်ပါဝင်စားမှုရှိခဲ့ကြပြီး ထောက်ပံ့ရေးပစ္စည်းများထက် information ကိုပိုမိုသိလိုကြသဖြင့် စာစောင် (၂၀၀၀) အထိ Print ထုတ်ကာ ဖြန့်ဝေပေးခဲ့ရပါသည်။
မူးယစ်ဆေးဝါးဆိုင်ရာ အွန်လိုင်း အသိပညာပေးခြင်း
2020 ခုနှစ်တွင်း Covid 19 ဖြစ်ပွားမှုကြောင့် Stay at Home အစီအစဥ်ဖြင့် လူအများအိမ်တွင်နေရသည့် အချိန်များတွင် Online ပေါ်မှတစ်ဆင့် Drug Issue နှင့် ပတ်သတ်ပြီး လေ့လာကာ ဗဟုသုတတိုးပွားပြီး အသိ အမြင်များ ပွင့်လာစေရန် အတွက် မူးယစ်ဆေးဝါးဆိုင်ရာ အသိပညာပေး ဆောင်းပါများကို ဖီးနစ်အဖွဲ့၏ Social Media နှင့် Website စာမျက်နှာတို့ မှတစ်ဆင့် လူထုလေ့လာနိုင်ရန် တင်ပြပေးနိုင်ခဲ့ပါသည်။ အဆိုပါ ပညာပေး ဆောင်းပါးများကို ၂၀၂၀ ခုနှစ်အတွင်း Social Media အသုံးပြုသူ တစ်သောင်းခန့်၏ အကောင့်များမှ ဝင်ရောက် ကြည့်ရှုခဲ့သည်ကိုတွေ့ရှိရပြီး Website တွင် ဝင်ရောက်ကြည့်ရှုသူ တစ်ထောင်ဝန်းကျင်ခန့်ရှိသည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။
အခက်အခဲနှင့် စိန်ခေါ်မှုများ
၂၀၂၀ ခုနှစ်အတွင်း Covid-19 ကမ္ဘာ့ကပ်ရောဂါ ပြင်းထန်စွာကူးစက် ဖြစ်ပွား မှုသည် စီမံချက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာသက်ရောက်မှုများ ရှိခဲ့ပြီး နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် မူလရေးဆွဲထား သည့် လုပ်ငန်းအစီအစဥ်များကို ဆောင်ရွက်၍မရနိုင်ဘဲ ရပ်တန့်နေရခြင်း စသည့်အခက်အခဲများ နှင့် စိန်ခေါ်မှု များစွာကို စီမံချက်တွင် ရင်ဆိုင်ကျော်ြဖတ်ခဲ့ရပါသည်။
အသိပညာမြှင့်တင်မှု အလုပ်ရုံဆွေးနွေးပွဲများကို ၂၀၂၀ ခုနှစ်အတွင်း လွတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေနှင့် ပတ်သက်ဆက်နွယ်သော အသိုင်းအဝိုင်းမှသူများ၊ နိုင်ငံရေးပါတီများနှင့် သတင်းမီဒီယာများနှင့် ချိတ်ဆက်ပြီး စုစုပေါင်း (၈) ကြိမ်အထိ ပြုလုပ်ရန် လျာထားခဲ့သော်လည်း အထက်မြန်မာပြည်ရှိ ဥပဒေအသိုင်းအဝိုင်းနှင့် ပြုလုပ်သော ဆွေးနွေးပွဲ (၁)ကြိမ်ကိုသာ ပြုလုပ်နိုင်ခဲ့ပြီး Covid-19 ပြင်းထန်စွာ ဖြစ်ပွားမှု ကြောင့် ကျန်သည့် ဆွေးနွေးပွဲများကို ရပ်ဆိုင်းထားခဲ့ရပြီး ၂၀၂၁ ခုနှစ်မှသာ ဆက်လက် ဆောင်ရွက်ရန် ရွှေ့ဆိုင်းခဲ့ ရပါသည်။ မတ်လ ၂၀၂၀ ခုနှစ်တွင်း လွှတ်တော် ကိုယ်စားလှယ်တော်များဖြင့် နေပြည်တော်တွင် အသိပညာပေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနိုင်ရန် အတွက်ပြင်ဆင်ဆောင်ရွက်ခဲ့ပါသည်။ သို့သော် မတ်လ ၂၀၂၀ အတွင်း လွှတ်တော်တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အရေးပေါ် အစည်းအဝေးများ ရှိနေခြင်းနှင့် Covid -19 ကူးစက်ရောဂါ လျင်မြန်စွာ ကူးစက်လျက် ရှိခြင်းတို့ကြောင့် အထက်ပါ အစီအစဥ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါ။ ထို့နောက် ၂၀၂၀ ခုနှစ် ဧပြီလနှင့် မေလလယ်အထိ လွှတ်တော်၏ ပိတ်ရက်များဖြစ်ခြင်း နှင့် ဇွန်လမှစပြီး ဒီဇင်ဘာထိ Covid -19 ကူးစက်ရောဂါ ပြင်းထန်စွာ ကူးစက်လျက်ရှိခြင်း နိုဝင်ဘာလတွင် အထွေထွေ ရွေးကောက်ပွဲ ပြုလုပ်ခြင်း စသည့်တို့ကြောင့် နိုင်ငံရေးပါတီများ၊ လွှတ်တော်အမတ်များ၊ မီဒီယာများနှင့် ပြုလုပ်မည့် အဆိုပါလုပ်ငန်း အစီအစဥ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ကြိုးစားဆောင်ရွက်ခဲ့သော်လည်း အခက်အခဲများစွာ နှင့် ရင်ဆိုင်ခဲ့ရပြီး ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကာ ၂၀၂၁ ခုနှစ်မှသာ ဆက်လက် ဆောင်ရွက်ရန် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပါသည်။
အရေးဆိုတင်ပြဆွေးနွေးခြင်း အတွက် ကြိုတင်ပြင်ဆင်မှုများ ကို ဖေဖော်ဝါရီ ၂၀၂၀ တွင်ပြုလုပ်ခဲ့ပါသည်။ ၂၄.၂.၂၀၂၀ ရက်စွဲပါစာဖြင့် ပြည်သူလွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီနှင့် မတ်လ ၂၀၂၀ ခုနှစ်တွင်း တွေ့ဆုံခွင့် ရရှိနိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ဥက္ကဌထံ တွေ့ဆုံခွင့်ပြုပေးနိုင်ပါရန် အတွက် တင်ပြတောင်းဆို ခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ဥက္ကဌမှ မတ်လ ၂၀၂၀ ၏ တတိယပတ်တွင် တွေ့ဆုံခွင့်ပေးခဲ့သော်လည်း ဖွဲ့စည်းပုံ အခြခံဥပဒေပြင်ဆင်ရေး အရေးပေါ်အစည်းအဝေးများကြောင့် မိမိတို့ သွားရောက်တွေ့ဆုံရမည့် မူလသတ်မှတ် ပေးခဲ့သည့်ရက်ကို လွှတ်တော်မှ ပြန်လည်ပယ်ဖျက်ခဲ့ပါသည်။ ထို့နောက် ၂၀၂၀ ခုနှစ် ဧပြီလနှင့် မေလလယ်အထိ လွှတ်တော်၏ ပိတ်ရက်များဖြစ်ခြင်း နှင့် Covid - 19 ကူးစက်ရောဂါ လျင်မြန်စွာ ကူးစက်လျက်ရှိခြင်းတို့ကြောင့် ၂၀၂၀ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအထိ လွှတ်တော်မှာ ပုံမှန်ဖွင့်လှစ်မှုမရှိခြင်း Stay home မြို့နယ်များ သတ်မှတ်ပြီး ခရီးသွားလာခွင့်များ ပိတ်ထားခြင်း စသည်တို့ကြောင့် အထက်ပါ အစီအစဥ်ကို ၂၀၂၀ ခုနှစ်အတွင်း ဆောင်ရွက်၍ မရနိုင်ဖြစ်ခဲ့ရပါသည်။ ၂၀၂၁ ခုနှစ်တွင်မှသာ ပြန်လည်လုပ်ဆောင်ရန် လျာထားစီစဥ်ခဲ့ရပါသည်။
စီမံချက် ဆောင်ရွက်မှု မှတ်တမ်းပုံများ
၂၀၂၀ ဧပြီလ (၄) ရက်တွင် ဖီးနစ်အဖွဲ့မှ လှိုင်သာယာ မြို့နယ်အတွင်း ကိုဗစ် - ၁၉ တုန့်ပြန် ဆောင်ရွက်မှုများ
၂၀၂၀ သြဂုတ် ၁၉ ရက် မန်းတလေးမြိုံတွင် Drug Policy အလုပ်ရုံဆွေးနွေးပွဲမှတ်တမ်းပုံများ
၂၀၂၀ နိုဝင်ဘာမှ ဒီဇင်ဘာအတွင်း အွန်လိုင်းမှ မူးယစ် ပြဿနာ အသိပညာဖြန့်ဝေခြင်း
ပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ
၂၀၂၀ ခုနှစ်အတွင်း ကိုဗစ် ၁၉ ကန့်သတ်မှုများကြောင့် ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှု မပြုလုပ်နိုင်ခဲ့ပါ။
သို့သော် ပြည်တွင်းတွင် ကျန်းမာရေးလုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (အမျိုးသား ခုခံကျ/ကာလသား စီမံချက်)၊ ပြည်ကြီးခင်၊ FHI 360 ၊ မဟာမိတ်မြန်မာ၊ Medical Action Myanmar (MAM) ၊ ICAP ၊ UNAIDS ၊ အမျိုးသမီး အဖွဲ့အစည်းများကွန်ရက်၊ အေးမြန်မာ အဆိုစီရေးရှင်း၊ အေးငြိမ်းမေတ္တာ၊ Lotus တို့အပြင် HIV လုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ HIV ပိုးနှင့် အသက်ရှင် နေထိုင်သူများကွန်ရက်၊ မြန်မာနိုင်ငံ HIV ပိုးနှင့် အသက်ရှင် နေထိုင်သူများကွန်ရက်၊ တော်ဝန်ခရေ ကွန်ရက်၊ ပဒုမ္မာကွန်ရက်၊ မူးယစ်ဆေးဝါး သုံးစွဲသူများကွန်ရက်၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ AIDS ကွန်ရက်၊ မြန်မာ လူမှုအဖွဲ့အစည်းများ ကွန်ရက်၊ မြန်မာလူငယ် ကြယ်ပွင့်များကွန်ရက်တို့နှင့် အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။
တရားဉပဒေ စိုးမိုးရေးလုပ်ငန်းများကိုလည်း မြန်မာနိုင်ငံ ဉပဒေအထောက်အကူပြုကွန်ရက်၊ အမျိုးသမီး အဖွဲ့အစည်းများ ကွန်ရက်၊ USAID ၊ Open Society Foundation ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် သက်ဆိုင်ရာ ကော်မတီများ တို့နှင့် ချိတ်ဆက် လုပ်ဆောင်ခဲ့ပါသည်။
ဖီးနစ်အဆိုစီရေးရှင်းသည် ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ် ကန့်သတ်ချက်များကြောင့် ရုံးလုပ်ငန်းများအား ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် အစည်းအဝေးများနှင့် သင်တန်းများအား အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေါ်လစီများ ပြန်လည်သုံးသပ်ရေးဆွဲခြင်း၊ အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။