Drug Use Prevention

မူးယစ်ဆေးသုံးတာကို ကာကွယ်ဖို့ဆိုရင်...

မူးယစ်ဆေးသုံးစွဲမှုကာကွယ်ရေးဟာ မူးယစ်ဆေးဝါးမူဝါဒရှုထောင့်အရ ကြည့်မယ်ဆိုရင် သုံးစွဲမှုလျော့ကျရေး (Demand Reduction) နယ်ပယ်ထဲက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်...။ လူအများစုအနေနဲ့ လူငယ်တွေ မူးယစ်ဆေးမသုံးစေလိုတဲ့အတွက် မူးယစ်ဆေးသုံးတာကိုကာကွယ်ဖို့ လုပ်ငန်းတွေကို လုပ်လေ့ရှိတတ်ကြ ပါတယ်....။ ဒီတော့...လုပ်ငန်းတခုကို လုပ်တဲ့အခါမှာ...လိုချင်တဲ့ရလဒ်တွေရအောင် စွမ်းဆောင်နိုင်ပါရဲ့လား...။ လုပ်ငန်းတွေဟာ ထိရောက်မှုရှိပါရဲ့လား...ဆိုတာတွေဟာ စဉ်းစားသင့်တဲ့ကိစ္စတွေဖြစ်ပါတယ်....။

လုပ်ငန်းတွေလုပ်တဲ့အခါမှာ အကြမ်းဖျဉ်းအားဖြင့်ဆိုရင် အစီအစဉ်တွေရေးဆွဲ (Plan)၊ ပြီးရင်... အကောင် အထည်ဖော် (Implement)၊ အဲဒီနောက်...ထိရောက်မှုရှိမရှိ အကဲဖြတ်ဆန်းစစ် (Evaluate) စတဲ့.... လုပ်ငန်းစဉ် သဘောတရားတွေဟာ ဘယ်လိုလုပ်ငန်းမျိုးမှာမဆို လိုအပ်ပါတယ်....။ ဒါမှသာ....လိုအပ်တာတွေ၊ အားနည်းချက်တွေရှိရင်...ပြင်ဆင်ပြီး ကောင်းသည်ထက်ကောင်းအောင်၊ ထိရောက်အောင်လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်...။

ဒီတော့...မူးယစ်ဆေးသုံးစွဲမှုကာကွယ်ရေးမှာရော...ကျွန်တော်တို့ဆီမှာကျင့်သုံးနေတဲ့ နည်းလမ်းတွေ ထိရောက်မှု ရှိ-မရှိကို ဆန်းစစ်အကဲဖြတ်တာမျိုးတွေ...ရှိရဲ့လား...ဆိုတာတွေလဲ...စဉ်းစားသင့်တဲ့ကိစ္စတွေဖြစ်ပါတယ်....။

ကာကွယ်ရေးလုပ်ဆောင်ပုံများနှင့်ပတ်သက်သည့်အမြင်တချို့

မူးယစ်ဆေးမသုံးအောင်ကာကွယ်ရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာ... မူးယစ်ဆေးနဲ့ပြဿနာနဲ့ပတ်သက်လို့ ဘယ်လို အမြင်မျိုး၊ သဘောထားမျိုးရှိလဲ ဆိုတာရော၊ ဘယ်လိုနည်းလမ်းတွေအသုံးချမလဲ ဆိုတာရော စဉ်းစားသင့်တဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒါကြောင့် သတင်းစာတို့၊ မီဒီယာတို့မှာ မူးယစ်ဆေးကာကွယ်ရေးလုပ်ငန်းတွေ ဘယ်လို လုပ်ကြတယ်ဆိုတာတွေကို လေ့လာကြည့်ပြီး စဉ်းစားနိုင်ပါတယ်...။ ဒီနေရာမှာ...နိုင်ငံတကာ မူးယစ်ဆေးဝါးမူဝါဒ ဆိုင်ရာညွန့်ပေါင်းအဖွဲ့ကြီး (International Drug Policy Consortium) ရဲ့ ‘မူးယစ်ဆေးဝါးမူဝါဒလမ်းညွှန်’ စာအုပ်မှာ ကာကွယ်ရေးလုပ်ငန်းတွေနဲ့ပတ်သက်လို့ ထောက်ပြထားတာကို ဝေမျှလိုပါတယ် -

နိုင်ငံပေါင်းများစွာသည် တားဆီးပိတ်ပင်ရေးကို ရှေ့ထား၍ လုပ်ဆောင်ခဲ့ကြပါသည်။ တားဆီးပိတ်ပင်ရေး ဦးစားပေး၍ ဟု ဆိုသောသဘောမှာ လူများကို ဆေးသုံးစွဲခြင်း၏ ဆိုးကျိုးများကိုပြောပြပြီး ဆေးသုံးလျှင် ကြုံနိုင်သည့် အပြစ်ပေးအရေးယူမှုများအကြောင်းပြောပြလျှင် လူများသည် ဆေးသုံးလိမ့်မည်မဟုတ် ဟု ယူဆ ထားသည့် လုပ်နည်းလုပ်ဟန်မျိုးကို ဆိုလိုပေသည်။ သို့သော် အစိုးရများသည် အစဉ်တစ်စိုက်ထိုလုပ်ငန်းများအပေါ် လူအားငွေအားပံ့ပိုးပြီး လုပ်လာခဲ့သော်လည်း လူငယ်များ အကြားဆေးသုံးစွဲမှုသည် မြင့်မား နေဆဲသာ ဖြစ်လေသည်။”...လို့ ဖော်ပြထားတာတွေ့နိုင်ပါတယ်...။

တနည်းအားဖြင့်ဆိုရင်...ထိရောက်မှုမရှိတဲ့ ကာကွယ်ရေးလုပ်နည်းလုပ်ဟန်တွေလို့ပြောနိုင်ပါတယ်....။ ကျွန်တော်တို့ဆီမှာရော...မူးယစ်ဆေးကာကွယ်ရေးကို ဘယ်လိုလုပ်နေကြသလဲ...ဆိုတာနဲ့ ချိန်ထိုးစဉ်းစားနိုင်ဖို့ ဖြစ်ပါတယ်...။

မူးယစ်ဆေးသုံးတာကာကွယ်ရေးအတွက် ထိရောက်တဲ့ချဉ်းကပ်ပုံများ

နိုင်ငံတကာမှာ သုံးစွဲလာတဲ့ချဉ်းကပ်လုပ်ဆောင်ပုံတွေဟာ...လက်တွေ့ကျဖို့၊ ထိ‌ရောက်မှုရှိဖို့၊ ထိ‌ရောက်မှုရှိတယ် ဆိုတာကိုလဲ အထောက်အထေားတွေခိုင်လုံဖို့...စတဲ့ အချက်တွေအရ ကျင့်သုံးလာကြပါတယ်...။

ဒီတော့...ထိရောက်တဲ့ ကာကွယ်ရေးနည်းလမ်းတွေမှာ ဘယ်လို သဘောတရားတွေနဲ့ ချဉ်းကပ်လုပ်ဆောင်ကြလဲ ဆိုတာကို ဝေမျှပေးလိုပါတယ်...။

အဓိက သဘောတရားကတော့...

  • မူးယစ်ဆေးသုံးဖြစ်အောင် အားပေးသလိုဖြစ်နေတဲ့အခြေအနေတွေကို လျှော့ချဖို့၊
  • မူးယစ်ဆေးမသုံးဖြစ်အောင်အကာအကွယ်ပေးရာရောက်တဲ့အခြေအနေတွေကို အားကောင်းအောင် လုပ်ဆောင်ပေးဖို့တွေဖြစ်ပါတယ်။

မူးယစ်ဆေးသုံးဖြစ်ဖို့အားပေးသလိုဖြစ်နေတဲ့အခြေအနေများ

  • ကလေးဘဝ ထိခိုက်ခံစားမှုများနှင့်အခက်အခဲများကြုံတွေ့ခဲ့ရခြင်း၊ ကလေးငယ်အပေါ်စော်ကားမှုများနှင့် အုပ်ထိန်းသူများက ဥပေက္ခာပြုမှုများကြုံတွေ့ခဲ့ရခြင်း၊
  • စိတ်ကျမ်းမာရေးပြသနာများရှိနေခြင်း
  • ဆင်းရဲချို့တဲ့ခြင်း
  • မူးယစ်ဆေးသုံးသောရွယ်တူအပေါင်းအသင်းများရှိခြင်း
  • မူးယစ်ဆေးများလွယ်လင့်တကူရနိုင်ခြင်း
  • ညံ့ဖျင်းသောစာသင်ကျောင်းပတ်ဝန်းကျင်
  • စိတ်ခံစားမှုနောက်လိုက်လွယ်ခြင်း စသည့်အခြေအနေများ။

 

မူးယစ်ဆေးမသုံးဖြစ်အောင်အကာအကွယ်ပေးသကဲ့သို့ဖြစ်စေသောအခြေအနေများ

  • မိဘ/အုပ်ထိန်းသူ၊စောင့်ရှောက်သူများက လူငယ်များ၏ကိစ္စများကို ပါဝင်ပတ်သက်ပြီး အခြေအနေကို စောင့်ကြပ်ကြည့်ရှုတတ်ခြင်း၊
  • ကျန်းမာရေးနှင့်ဦးနှောက်အာရုံကြောဆိုင်ရာဖွံ့ဖြိုးမှု (အခြေအနေကို ရင်ဆိုင်ဖြေရှင်းတတ်သော ကျွမ်းကျင်မှုများ၊ စိတ်ခံစားမှုကို ထိန်းချုပ်တတ်ခြင်း...)
  • ရုပ်ပိုင်းဆိုင်ရာလုံခြုံမှုရှိခြင်း၊ လူမှုရေးဝင်ဆန့်ခြင်း၊
  • ဘေးကင်းသောပတ်ဝန်းကျင်အိမ်နီးချင်းများရှိခြင်း၊
  • အရည်အသွေးကောင်းမွန်သော‌ ကျောင်းပတ်ဝန်းကျင်အသိုင်းအဝိုင်းရှိခြင်း...စသည်တို့ဖြစ်ပါသည်။

(ပူးတွဲပါ ပုံတွင်လည်းကြည့်နိုင်ပါသည်။  ၏ ၂၀၁၈ ခုနှစ်အစီရင်ခံစာမှ ကောက်နုတ်ဖော်ပြထားပါသည်)

 

အထက်ပါအခြေအနေတွေကို လေ့လာကြည့်မယ်ဆိုရင် လူတစ်ဉီးတစ်ယောက်နဲ့ဆိုင်တဲ့အခြေအနေတွေ ရှိနေသလို အပေါင်းအသင်း၊ မိသားစု၊ အိမ်နီးချင်း၊ ကျောင်း စတဲ့ ပတ်ဝန်းကျင်အခြေအနေတွေပါ သက်ဆိုင်နေတာကို တွေ့ရမှာပါ။ ဒါကြောင့်...ဒီနေရာမှာ ပြောလိုတာက မူးယစ်ဆေးသုံးမိတဲ့ လူငယ်လေးတွေကိုပဲ အပြစ်တင်နေလို့မရဘူး ဆိုတာပါ။ ပတ်ဝန်းကျင်အခြေအနေတွေ၊ မိသားစုအခြေအနေတွေ စသည်ဖြင့် အားလုံးသူ့ အပိုင်းနဲ့သူ ပတ်ဝန်းကျင်ကောင်းဖြစ်အောင် ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ လိုတယ် ဆိုတာကို တွေ့မြင်နိုင်ပါတယ်။

ဒါကြောင့်...အထက်ပါအဓိက သဘောတရားကို ကိုင်စွဲပြီး မိမိတို့ပတ်ဝန်းကျင်မှာ ဘယ်လိုအခြေအနေရှိနေလဲ၊ ပိုကောင်းလာအောင် အားလုံးဘယ်လို ဝိုင်းဝန်းလုပ်ဆောင်ကြမလဲ...လို့ စဉ်းစားသင့်ပါကြောင်း ပြောရင်းနဲ့ နိဂုံးချုပ်လိုက်ပါရစေ....။

ရည်ညွှန်းကိုးကား -

  • မူးယစ်ဆေးဝါးမူဝါဒလမ်းညွှန် (IDPC Drug Policy Guide, 3rd Edition; မြန်မာပြန်- Dr. ထွေးကြူ)
  • World Drug Report 2018, UNODC.

(အထက်ပါ‌ဖော်ပြချက်များကို Phoenix Association က အကောင်အထည်ဖော်လျက်ရှိသော “Improving Enabling Environment through increased Drug Policy Awareness” စီမံချက်၏ အစိတ်အပိုင်းတစ်ခု အဖြစ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာခေါင်းစဉ်များထဲမှ အလျဉ်းသင့်သလို တင်ပြ ပေးလျက်ရှိပါသည်။)

Year: 

2021