getting to rule of law

တရားဥပဒေစိုးမိုးစေချင်လျှင်

မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရန်လိုအပ်သည်ဟူသော လက်သုံးစကားများကို များစွာ ကြားနေရသည်။ တရားဥပဒေ စိုးမိုးစေရန် မည်သူတို့တွင် တာဝန်ရှိပါသနည်း။

တရားဥပဒေစိုးမိုးမှုရှိစေရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိပါသည်။ တရားစီရင်ရေးစနစ်သည် လွတ်လပ် ပွင့်လင်း ရမည်ဖြစ်သကဲ့သို့ ဥပဒေအထက်တွင် မည်သည်မျှ ရှိမနေရန် လိုအပ်သည်။ နိုင်ငံတော်မှ ချမှတ် ထုတ်ပြန် ထားသော ဥပဒေများကို အားလုံးက လေးစားလိုက်နာရန်လိုအပ်သည်။ နိုင်ငံသား အားလုံးသည် ဥပဒေနှင့်အညီ ဥပဒေဘောင်အတွင်းမှ နေထိုင်ကြရန်လိုအပ်သည်။ နိုင်ငံသားဟုဆိုရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အတွင်း နေထိုင်သူအားလုံး တိကျစွာ လိုက်နာကြရန်လိုအပ်ပေသည်။

ယနေ့ခေတ်တွင် မြန်မာနိုင်ငံအတွင်းနေထိုင်သူများတို့သည် ကိုယ့်တရားကိုယ်စီရင်နေဘိသကဲ့သို့ ဆောင်ရွက် နေသည်ကို တွေ့မြင်နေရသည်။ အင်တာနက်နည်းပညာများ အသုံးပြုရာတွင် တလွဲသုံးစွဲနေမှုများကို ပိုမိုတွေ့မြင်နေရသည်။ Face Book ကဲ့သို့သော Social network ပေါ်တွင် ဥပဒေမဲ့ အပြန်အလှန်တိုက်ခိုက်မှုများ၊ ဥပဒေပြင်ပ ‌ဖြေရှင်းမှုများ ပြုနေကြသည်ကို တွေ့နေရသည်။ ထိုသို့ ဖြေရှင်းတိုက်ခိုက်၍ ရမည်ဆိုပါက လူမှုရေးပြသနာရပ်များအတွက် တရားရုံးများပင်လိုအပ်တော့မည်မဟုတ်ပေ။ ထိုသို့ဆောင်ရွက်နေသူများတွင် နိုင်ငံရေးပါတီဝင်များပင် ပါဝင်နေသည်ကို တွေ့နေရသည်။ နိုင်ငံရေးပါတီဝင်များအနေဖြင့် အထူးသတိပြုဖို့ ပိုမို လိုအပ်ပေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ချိန်ချိန်တွင် အဆိုပါနိုင်ငံရေးပါတီဝင်ပုဂ္ဂိုလ်များသည် နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်များ ဖြစ်လာနိုင်ကြသည်။ ထိုသို့ နိုင်ငံ့အကြီးအကဲခေါင်းဆောင်များ ဖြစ်လာသည့်အခါ နိုင်ငံ့အကြီးအကဲ ခေါင်းဆောင်များ အနေဖြင့် နိုင်ငံတော်မှ ချမှတ်ပြဌာန်းသည့် ဥပဒေများကို စံပြလိုက်နာနိုင်ရန် အထူးလိုအပ်သည်ကို သတိပြုသင့်သည်။

Facebook စာမျက်နှာသည် သတင်းအချက်အလက် အပြုသဘောဆောင် ဖလှယ်ရသည့်နေရာဖြစ်သည်။ လူမှုရေးပြသနာများဖြေရှင်းရန်နေရာမဟုတ်သည်ကို သတိပြုသင့်သည်။ လူအချင်းချင်းမုန်းတီးမှုဖြစ်ပွားစေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန် တရားစီရင်ရသည့် နေရာမဟုတ်သည်ကို သတိပြုသင့်ပါသည်။ ပုဂ္ဂိုလ်အချင်းချင်းကြား ပေါ်ပေါက်လာသည့် အငြင်းပွားဖွယ်ရာများကိုဖြေရှင်းရန် တရားရုံးများ မြန်မာနိုင်ငံတဝှမ်းလုံးတွင် ရှိနေကြပါသည်။

အချို့သောပုဂ္ဂိုလ်များ မိမိကြွေးပြန်မရ၍ တရားရုံးမှ တရားစွဲဆိုတောင်းရမ်းခြင်းမပြုဘဲ ကြွေးယူသွားသူ လိမ်လည်သွားသူများ၏ ပုံများ၊ Face Book အကောင့်များကို (Screenshot)ဓါတ်ပုံရိုက်၍ အများမြင်သာအောင်၊ ဂုဏ်သိက္ခာကျဆင်း၍ အရှက်ရအောင် Face Book စာမျက်နှာပေါ် တင်၍ သတင်းဖြန့်ခြင်းများကိုလည်း တွေ့မြင် နေရသည်။ မိမိမှန်စေဦးတော့။ ထိုကဲ့သို့ပြုမူခြင်းကပင်လျှင် ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ)အရ မိမိကိုယ်တိုင်ပင် ပြစ်မှုကျူးလွန်သူဖြစ်မှန်းမသိ ဖြစ်နေကြသည်။ ဥပဒေကိုမသိ၍ ပြစ်မှုကို ကျူးလွန်သည်ဟု လွှဲရှောင်၍ မရပါ။ ဥပဒေတွင် မည်သူမဆို ဟု သုံးနှုန်းဖော်ပြထားသည်ကို သတိပြုကြရန်လိုပါသည်။ ဆက်သွယ်ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ‌ခြောက်လှန့်တောင်းယူခြင်း၊ သရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်း တို့ကို ပြုလုပ်ပါက “နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်”ဟု ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)တွင် အတိအလင်း ပြဌာန်းထားသည်ဖြစ်ရာ မိမိငွေကို မိမိအနေဖြင့် အတင်းအကြပ် ကြောက်အောင်ပြု၍ တောင်းသည်ထားဦးတော့ ဆက်သွယ်ရေးကွန်ယက်ကို အသုံးပြု၍ ‌ခြောက်လှန့်တောင်းယူရာရောက်သကဲ့သို့ စွပ်စွဲခံရသူ၏ ဂုဏ်အသရေကို ဖျက်ဆီးရာလည်းရောက်သည်။

နိုင်ငံရေးပါတီဝင်တချို့ အပြန်အလှန်တိုက်ခိုက်ကြရာတွင်လည်း နိုင်ငံတော်အကြီးအကဲပုံများ၊ သတင်းများအား Photoshop များဖြင့် ပြင်ဆင်၍ အသရေဖျက်ကာ တိုက်ခိုက်နေကြသည်ကိုလည်း တွေ့နေရသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ-၃၄(ဃ) အားကျူးလွန်နေကြခြင်းဖြစ်သည်ကို ဂရုပြုသင့်သည်။ အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ-၃၄(ဃ)တွင် “အဖွဲ့အစည်းတစ်ခုခု (သို့မဟုတ်) ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန်ဖြစ်စေ၊ ဂုဏ်သိက္ခာကျဆင်းစေရန်ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း (သို့မဟုတ်) ပြောင်းလဲခြင်း (သို့မဟုတ်) ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချီခြင်း တို့ကို ပြုလုပ်ပါက ငွေကျပ်ဆယ်သိန်းမှ ငွေကျပ် သိန်းတစ်ရာအထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ပြီး ဒဏ်ငွေမပေးဆောင်ပါက ထောင်ဒဏ်အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်အထိ ချမှတ်ခံရမည်” ဟူ၍လည်း ပြဌာန်းထားပေသည်။

နစ်နာသူများအနေဖြင့်လည်း  ပြစ်မှုကျူးလွန်သူများအား ရာဇဝတ်ကြောင်းအရ တရားစွဲဆိုနိုင်ကြသကဲ့သို့ တရားမကြောင်းအရလည်း မိမိတို့၏ ဆုံးရှုံးနစ်နာသည့် ဂုဏ်သိက္ခာအတွက် ထိုက်သင့်သည့် နစ်နာကြေးကို ပြန်လည် တောင်းဆိုခွင့်ရှိကြသည်။

တရားရုံးများကို မထီမဲ့မြင်ပြုမှု ဥပဒေ ပုဒ်မ-၂(ဃ)(၄)တွင် “တရားရုံးက ဆုံးဖြတ်ရန်ရှိသော အချက်များကို တစ်စုံတစ်ရာအဆုံးအဖြတ်မပေးရသေးမီ ကြိုတင်ဝေဖန်ပြောဆိုခြင်း၊ ရေးသားဖော်ပြခြင်း၊ ပုံနှိပ်ထုတ်ဝေခြင်း၊ ဖြန့်ချိခြင်း” ဟု ပြဌာန်းထားသည်ဖြစ်ရာ တရားရုံးမှ မဆုံးဖြတ်ရသေးသည့် မှုခင်းကိစ္စရပ်များကို တစ်ဘက်လူအား တရားခံကဲ့သို့ မိမိသဘောဆန္ဒဖြင့် သတ်မှတ်ပြီး လူသိရှင်ကြား တင်ပြခြင်းသည် မိမိကိုယ်တိုင် ပြစ်မှု ကျူးလွန်နေခြင်း ဖြစ်ကြောင်း သတိပြုရန် လိုအပ်ပေမည်။

တရားဥပဒေစိုးမိုးမှုရှိစေရန် မြန်ဆန်ဖြောင့်မတ်သော တရားစီရင်ရေးစနစ်ရှိရန်လည်း လိုအပ်သည်။ ၆၆(ဃ)ဖြင့် စွဲဆိုသည့် အချို့အမှုများတွင် အရေးယူဆောင်ရွက်ခြင်းများသည် နှစ်ချီအောင် စောင့်ဆိုင်းနေရသည့် အမှုသည်များ၏ ရင်ဖွင့်သံများကိုလည်း ကြားနေရသည်။ ထို့ကြောင့် ကျူးလွန်ခံရသူရော ကျူးလွန်သူများကပါ ဘာမှမထူးပါဘူးဟု သဘောပိုက်မှတ်ယူကာ တရားရုံးသို့ မတင်ပြ မတောင်းခံကြတော့ဘဲ FaceBook စာမျက်နှာမှတဆင့်သာ ပြသနာဖြေရှင်းနေကြသည်ဟု၍လည်း ဆင်ခြေပေါင်းများစွာ ကြားသိနေရပါသည်။

            အနှစ်ချုပ်သုံးသပ်ရမည်ဆိုလျှင် ယခုကဲ့သို့သော ဆောင်ရွက်နေမှုများသည် ဆက်သွယ်ရေးဥပဒေနှင့် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို သိသိသာသာဖောက်ဖျက်ကျူးလွန်နေကြခြင်းသာဖြစ်ကြသည်။ ဥပ‌ဒေကို ဖောက်ဖျက်ကျူးလွန်သူများလာလေလေ တရားဥပဒေစိုးမိုးမှုလျော့ကျလေလေဖြစ်သည်။ ထို့ကြောင့် တရားဥပဒေ စိုးမိုးစေချင်လျှင် မိမိကိုယ်တိုင်မှ စ၍ ဥပဒေဘောင်အတွင်း နေထိုင် ကျင့်ကြံပြုမူရန်လိုကြောင်း တင်ပြအပ်ပါသည်။

           

Year: 

2020