Local Action Towards TB-Free Myanmar (တီဘီကင်းစင် မြန်ပြည်တစ်ခွင် ရှေးရှုနိုင်ဖို့ ကြိုးစားစို့) စီမံချက်မှာ အတူတူပူးပေါင်းဆောင်ရွက်မည့် အဖွဲ့တစ်ခုဖြစ်သည့် Phoenix Association အဖွဲ့နှင့် မိတ်ဆက်ပေးချင်ပါတယ်။
ဖီးနစ် အဆိုစီရေးရှင်းသည် ၂၀၀၅ ခုနှစ်တွင် HIV ပိုးနှင့် သက်ရှင်နေထိုင်သူများမှ ကိုယ့်အားကိုယ်ကိုး အဖွဲ့အနေဖြင့် ထူထောင်ခဲ့ကြပြီး ၂၀၁၂ ခုနှစ်တွင် ပြည်ထဲရေးဝန်ကြီးဌာနတွင် ပြည်တွင်း လူမှု စီးပွားရေးအဖွဲ့ အဖြစ် မှတ်ပုံတင် စတင်ရရှိခဲ့ပါသည်။
ဖီးနစ်အဖွဲ့သည် HIV နှင့် ဆက်နွယ်သော လူအုပ်စုများအား ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး နှင့် စီးပွားရေးတို့အတွက် ပံ့ပိုး ကူညီ စောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများအပြင် ရပ်ရွာလူထု တရားမျှတမှု လက်လှမ်းမီရေးနှင့် ဉပဒေ အသိပညာတိုးပွားစေရေး တို့အတွက် ပညာပေးခြင်းနှင့် ဉပဒေ အထောက်အကူ ပေးခြင်း လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပါသည်။
၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းဖြစ်သည့်အချိန်မှ အစပြု၍ သဘာဝဘေးဒဏ် တုံ့ပြန်ရေး ဆိုင်ရာလုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ရခိုင်ပြည်နယ်တွင် ဂီရိမုန်တိုင်း၊ ၂၀၁၅ ခုနှစ်တွင် ဧရာဝတီတိုင်း ဇလွန်မြို့နယ် ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှုများမှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတို့တွင် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။ ဖီးနစ်အဆိုစီရေးရှင်းသည် ရန်ကုန်တိုင်းအတွင်း HIV ကြောင့်ထိခိုက်ခံစားနေရသည့် နွမ်းပါးသော မိသားစုများ၏ ကလေးများအတွက် ကျောင်းသုံးပစ္စည်းများအား နှစ်စဥ်လှူဒါန်းခြင်းများ ပြုလုပ်လျက် ရှိပါသည်။
ထို့အပြင် ပြည်တွင်းရှိ ကိုယ်ထူကိုယ်ထအဖွဲ့များနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများအား ၄င်းတို့၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ရပ်တည်နိုင်ရေးအတွက် နည်းပညာထောက်ပံ့ရေး အစီအစဥ်များကိုလည်း လုပ်ဆောင်ပေးလျက်ရှိပါသည်။
ဖီးနစ်အဖွဲ့သည် လူမှုရေး၊ ပညာရေးနှင့် စီးပွားရေး လုပ်ငန်းများအား လုပ်အားပေးအဖွဲ့ဝင်တို့ဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးနှင့် တရားမျှတမှုရရှိစေရေး စီမံချက်လုပ်ငန်းများအား ဝန်ထမ်းအင်အား (၇၀) ဖြင့် ဆောင်ရွက်လျက်ရှိပြီး ဖီးနစ်ပရဟိတလူငယ်များ ပျိုးထောင်ခြင်း အစီအစဉ် ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ ဖီးနစ်အဖွဲ့သည် HIVနှင့်ဆက်နွယ်သော လူ့ပတ်ဝန်းကျင်၊ အရေးကြီးသော လူအုပ်စုများအတွက် ဥပဒေပြုရေးနှင့် ပြင်ဆင်ရေးတို့အတွက် သက်ဆိုင်ရာ လူမှုကွန်ယက်များအား ဦးဆောင်၍ အဆင့်တိုင်းတွင် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အဆင့်တွင်လည်း ပါလီမန်အဖွဲ့ဝင်များ လွှတ်တော်ကော်မတီများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ခဲ့ပါသည်။
လက်ရှိ စီမံချက်များအနေဖြင့် USAID/PRLM ၏ ပံ့ပိုးမှုဖြင့် တရားဥပဒေစိုးမိုးရေး (တရားမျှတရေး)၊ ဥပဒေအထောက်အကူပြုရေးနှင့် ဥပဒေဆိုင်ရာပညာပေးပွဲများ စတင်အကောင်အထည်ဖော်ခြင်း၊ Open Society Myanmar ၏ ပံ့ပိုးမှုဖြင့် မူးယစ်ဆေးဝါးဆိုင်ရာမူဝါဒများနှင့် ဥပဒေများအတွက် ပညာပေးပွဲများနှင့် အရေးဆို တင်ပြမှုများအား ဆောင်ရွက်နေပြီး ကျန်းမာရေးအစီအစဥ်များအဖြစ် Global Fund ၏ ပံ့ပိုးမှုဖြင့် Alliance (မဟာမိတ်မြန်မာ) နှင့် လက်တွဲ၍ ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်တွင် HIV ဆိုင်ရာ ကာကွယ်ရေးနှင့် HIV ဆိုင်ရာ အသိပညာပေးခြင်း၊ ရန်ကုန်တိုင်းအတွင် HIV လူနာများအား ကုသမှုပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ တီဘီကင်းစင်မြန်ပြည်တခွင်၊ ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံချက်သည်လည်း ကျန်းမာရေးအစီအစဥ် အဖြစ်ဖြင့် ဖီးနစ်အဖွဲ့၏ ကျန်းမာရေး စီမံချက်များတွင် အပါအဝင်တခုဖြစ်ပါသည်။ တီဘီကင်းစင်မြန်ပြည်တခွင်၊ ရှေးရှုနိုင်ဖို့ ကြိုးစားစို့ စီမံချက်သည် ပြည်ကြီးခင်မှ ဦးဆောင်သော ပြည်တွင်း အဖွဲ့အစည်းများဆိုင်ရာ ကွန်ယက်တခုအနေဖြင့်ဖြင့် မြန်မာနိုင်ငံတွင် ၂၀၃၅ ၌ ကူးစက်ရောဂါ တခုဖြစ်သော တီဘီရောဂါအား ပပျောက်ရေးအတွက် အရှိန်အဟုန်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော စီမံချက်တခုဖြစ်ပါသည်။ ဖီးနစ်အဆိုစီရေးရှင်းသည်လည်း LATT-M ၏ အဖွဲ့ဝင်တခုအဖြစ် တီဘီရောဂါ ခံစားနေရသူများက ၄င်းတို့၏ လူ့အဖွဲ့အစည်းအား တက်ကြွစွာနှင့် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ရာ၌ ပါဝင်လျက်ရှိပါသည်။