10 December 2020
"ကျန်းမာရေးအခွင့်အရေး"
--------- နဲ့ ----------
"မူးယစ်ဆေးသုံးစွဲမှု"
... လူ့အခွင့်အရေးပဏာမ ...
ကမ္ဘာလုံးဆိုင်ရာလူအခွင့်အရေးကြေညာ စာတမ်းကို ၁၉၄၈၊ ဒီဇင်ဘာ (၁၀) ရက်နေ့မှာ ကြေညာခဲ့တယ်ဆိုပေမဲ့ ... တကယ်တော့ ၁၉၄၅ ခုနှစ်ကုလသမဂ္ဂပဋိညာဉ် ပေါ်လာစဉ်ထဲက အခန်း (၁) မှာ လူ့အခွင့်အရေးနှင့်လူမျိုး၊ ဘာသာ ခွဲခြားမှုတွေမရှိဖို့ ဆိုပြီး ဖော်ပြပါရှိပြီးသားပါ။
ကျွန်တော့်တို့မြန်မာနိုင်ငံ ဆိုရင်လည်း ၁၉၄၈ ဧပြီလကတည်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ခဲ့တာမို့ ... လူ့အခွင့်အရေးကိစ္စတွေကို အလေးထားဖို့အဲဒီကတည်းက တာဝန်ရှိခဲ့ပြီးသားပါ။
လူ့အခွင့်အရေးကြေညာစာတမ်းပေါ်ပြီးနောက် ၁၉၆၆ လောက်မှာ လူအခွင့်အရေး စာချုပ်တွေပေါ်လာခဲ့တာမို့ ...ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးအလေ့အထတွေဟာ ၁၉၆၀ ကျော်နောက်ပိုင်းကတည်းက ထွန်းကာခဲ့တယ်ဆိုရမှာပါ ...။
ကျွန်တော်တို့အနေနဲ့သာ နှစ်ပေါင်းများစွာ တံခါးပိတ်ထားတဲ့ စနစ်တွေကို ဖြတ်သန်းခဲ့ရလို့ ... အသစ်အဆန်းလိုလို ... အနောက်တိုင်းအယူအဆတွေ သွတ်သွင်းလာသလိုလို ... တချို့က ထင်စရာဖြစ်နေခဲ့တာပါ ...။
... ကျန်းမာရေးအခွင့်အရေး ....
လူ့အခွင့်အရေးဆိုတာ လူမျိုး ဘာသာတွေနဲ့မဆိုင်ဘဲ ... လူသားတိုင်းရဲ့အခြေခံလိုအပ်ချက်တွေဖြစ်တာမို့ ... ကျန်းမာရေးအခွင့်အရေးဆိုတာလဲ လူ့အခွင့်အရေးထဲအပါအဝင်ပဲ ဖြစ်ပါတယ် ....။
ကျန်းမာရေးအခွင့်အရေးလို့ ... ပြောလိုက်ရင် .... လူတွေကျန်းမာရေးအတွက် ဆေးကုသဖို့လောက်ကိုပဲ ပြေးမြင်တတ်ကြပါတယ် ...။ ကျန်းမာရေး အခွင့်အရေးဆိုတဲ့ အသုံးအနှုန်းအောက်မှာ ဘာတွေအကျုံးဝင်နေလဲ ဆိုတာကို ရှင်းပြပါရစေ ....။
------- အကျုံးဝင်မှုများ -------
ကျန်းမာရေးအခွင့်အရေးလို့ဆိုလိုက်တာနဲ့ အလိုလိုပါဝင်နေတဲ့သဘောတွေကို ဆိုလိုတာဖြစ်ပါတယ်။ လုံလောက်တဲ့ သန့်ရှင်းမှု၊ ဘေးကင်းတဲ့သောက်ရေသန့်၊ လုံလောက်တဲ့အာဟာရနဲ့ နေစရာအိမ်၊ ကျန်းမာရေးနဲ့သင့်လျော်တဲ့ပတ်ဝန်းကျင်နဲ့အလုပ်အကိုင်၊ ကျန်းမာရေးအသိပညာနဲ့သတင်းအချက် အလက်၊ ကျား-မရေးရာတန်းတူညီမျှမှု စတာတွေပါဝင်ပါတယ် ...။
----- လွတ်လပ်ခွင့်များ -----
ကာယကံရှင်သဘောဆန္ဒအလျောက်ဆေးကုသမှုခံယူခွင့် (အတင်းအဓမ္မ သားကြောဖြတ် တာမျိုးတွေ၊ ဆေးဖက်ဆိုင်ရာစမ်းသပ်ခံရတာမျိုးတွေ ...) နဲ့ လူမဆန်တဲ့နှိပ်စက်မှု၊ ဆေးကုသမှုနဲ့ ပြစ်ဒဏ် ပေးမှုတွေကနေ ကင်းလွတ်ခွင့် ဖြစ်ပါတယ် ...။
------ ရပိုင်ခွင့်များ ------
ရနိုင်သမျှအကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှု၊ အကာအကွယ်ပေးမှုရပိုင်ခွင့်တွေ၊ ရောဂါတွေ ကာကွယ် ,ကုသ , ထိန်းချုပ်ပေးတဲ့ အခွင့်အလမ်းတွေ၊ မရှိမဖြစ်အခြေခံဆေးဝါးတွေရနိုင်ဖို့တွေ၊ မိခင်နှင့်ကလေး မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာတွေ၊ ကျန်းမာရေးအသိပညာနဲ့သတင်းအချက်အလက်တွေ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကို ဆုံးဖြတ်ချက်ချရာမှာ လူထုပါဝင်ခွင့်တွေ ... စတာတွေဖြစ်ပါတယ် ...။
"မူးယစ်ဆေးသုံးစွဲသူများနဲ့ကျန်းမာရေးအခွင့်အရေး" .....
မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့ နိုင်ငံအသီးသီးမှာ အရေးယူဆောင်ရွက်ကြတဲ့အခါမှာ ... လူ့အခွင့်အရေးပြဿနာတွေ ကြုံတွေ့ရတာအများအပြားရှိသလို... ကျွန်တော်တို့နိုင်ငံမှာလဲ အလားတူပါပဲ။ ဒီနေရာမှာတော့
... ကျန်းမာရေး အခွင့်အရေးကိုပဲ ဦးတည်ပြီးဆွေးနွေးလိုက်ပါတယ် ...။
မူးယစ်ဆေးဝါးသုံးစွဲတာဟာ .... ပြစ်မှုကျူးလွန်နေတာမဟုတ်၊ ရာဇဝတ်မှုကျူးလွန်တာမဟုတ်ဘဲ ကျန်းမာရေး ပြဿနာသာဖြစ်တဲ့အကြောင်းကို အရင်ကတင်ပြခဲ့ပါတယ် ...။
မြန်မာနိုင်ငံအမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒမှာလည်း ...
“သိပ္ပံနည်းကျအထောက်အထားကို အခြေခံပြီး ကျန်းမာရေးကို ဗဟိုပြုသော ချဉ်းကပ်မှုပုံစံများ အဖြစ်သို့ ပြောင်းလဲဖြစ်ပေါ်စေရေး...” လို့ ဖော်ပြထားတာ တွေ့နိုင်ပါတယ် ...။
ဒါပေမဲ့ ... လက်ရှိ မူးယစ်ဆေးဝါးဥပဒေအရ ကြည့်လိုက်မယ်ဆိုရင်လဲ ... လူတစ်ယောက်ဆေးသုံးတယ်လို့ သံသယ ရှိတာနဲ့ ရဲတပ်ဖွဲ့ဝင်က ဆေးစစ်မှုခံယူပြီး ဆေးသုံးထားတဲ့အကြောင်းတွေ့တာနဲ့ ဆေးကုသမှုခံယူဖို့ ပုဒ်မ ၉ (က)၊ နောက်ပြီး ပုဒ်မ ၉ (ဈ) မှာလဲ ဆေးသုံးစွဲကြောင်း (သို့) ဆေးသုံးစွဲကြောင်းသံသယရှိရင် မည်သူမဆို ရဲကို သတင်းပေးနိုင်ကြောင်း ပြဋ္ဌာန်းထားတာတွေ့ရမှာပါ။
ဒီလိုပြဋ္ဌာန်းချက်တွေဟာ ... ကျန်းမာရေးအခွင့်အရေးအရကြည့်မယ်ဆိုရင် အပေါ်မှာရှင်းပြခဲ့တဲ့ ... လွတ်လပ်ခွင့် ဆိုတဲ့အချက်နဲ့ ငြိစွန်းနေတာတွေ့ရမှာပါ...။ ကာယကံရှင်ရဲ့ ဆန္ဒအလျောက်မဟုတ်ဘဲ မဖြစ်မနေဆေးကုသမှု ခံယူဖို့ ဦးတည်ထားတာတွေ့နိုင်ပါတယ်...။ တဖက်ကကြည့်ပြန်ရင်လည်း...မူးယစ်ဆေးသုံးတဲ့သူတိုင်းဟာ ဆေးကုသဖို့လိုတာမဟုတ်ဘဲ ... ရောဂါခံစားနေရသူတွေပဲကုသမှုလိုတာဖြစ်ပါတယ် ...။
ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးကွန်ဗင်းရှင်းတွေကို နိုင်ငံအလိုက်အကောင်အထည်ဖော်မှုတွေကို စောင့်ကြည့်ကြီးကြပ်ရတဲ့ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ (International Narcotic Control Board) ရဲ့ အစီရင်ခံစာ မှာလည်း ...
“အချို့နိုင်ငံများ အနေဖြင့် မူးယစ်ဆေးဝါး (သို့) စိတ်ကို ပြောင်းလဲ စေသောဆေးဝါးတမျိုးကို တကြိမ်သုံးရုံမျှနှင့် အရေးယူနေသည်ကို တွေ့ရကြောင်း၊ တကြိမ်သုံးစွဲရုံမျှဖြင့် ရောဂါ ဝေဒနာမဖြစ်နိုင်ဘဲ ယင်းသည်သုံးစွဲမှုပုံစံမျှသာဖြစ်ကြောင်း၊ ဖြစ်ပေါ်လာသော ဆိုးကျိုးများပေါ်မူတည်၍သာ ရောဂါဝေဒနာ ဟုတ်သည် မဟုတ်သည်ကို ခွဲခြား သင့်ကြောင်း ...” စသည်ဖြင့် ဖော်ပြထားတာ ရှိပါတယ် ....။
ဒါကြေင့်...စေတနာဟာ ဝေဒနာဖြစ်မသွားဖို့ လိုသလို နိုင်ငံသားတစ်ဉီးချင်းစီရဲ့ အခွင့်အရေးတွေမထိခိုက်ဖို့နဲ့ လူတိုင်းရဲ့ ဂုဏ်သိက္ခာကို အလေးထားတန်ဖိုးထားဖို့ ... အရေးကြီးပါကြောင်း ပြောကြားရင်းနဲ့ နိဂုံးချုပ်လိုက်ပါရစေခင်ဗျား ...။
ရည်ညွှန်း -
- ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၈ ဖေဖော်ဝါရီ)
- ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း
- The Right to Health,
Fact sheet 31, OHCHR & WHO
- INCB Report 2017
(အထက်ပါဖော်ပြချက်များကို Phoenix Association က အကောင်အထည်ဖော်လျက်ရှိသော “Improving Enabling Environment through increased Drug Policy Awareness” စီမံချက်၏ အစိတ်အပိုင်းတစ်ခု အဖြစ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာခေါင်းစဉ်များထဲမှ အလျဉ်းသင့်သလို ပုံမှန် တင်ပြ ပေးသွားမည်ဖြစ်ပါသည်။)
Year:
2020