Drug use as criminality

မူးယစ်ဆေးသုံးတာဟာ ပြစ်မှုကျူးလွန်နေတာလား?

လူတစ်ယောက်မူးယစ်ဆေးသုံးနေတယ်ဆိုတာ...သိလိုက်တာနဲ့

ဘေးလူတွေက...လန့်သွားတတ်ကြပါတယ်...။

ပြီးရင်...စိတ်ထဲမှာ...ရဲတို့..အချုပ်တို့...ထောင်တို့ကို ရုတ်တရက်တွေးမိလိုက်တတ်ကြပါတယ်....။

ဒါတွေဟာ...ဘာကြောင့်ဖြစ်နေရတာလဲလို့...စဉ်းစားမိကြရဲ့လား..မသိပါ...။

တကယ်တော့...မူးယစ်ဆေးသုံးတာကို ရာဇဝတ်မှု/ပြစ်မှုအဖြစ်သတ်မှတ်ခဲ့တဲ့ အစဉ်အလာတွေကြောင့်ပါ။

လူတွေရဲ့စိတ်မှာ...သီတင်းကျွတ်မီးထွန်းပွဲလို့ဆိုလိုက်တာနဲ့...စိတ်ထဲမှာ ဝတ်ကြစားကြ၊ မီးပူဇော်ကြ...စသည်ဖြင့်ပြေးပြီးမြင်မိလိုက်ပါတယ်...။ ‘တောင်ကြီးတန်ဆောင်တိုင်’ လို့...ဆိုလိုက်တာနဲ့ မီးပုံပျံအပြိုင်အဆိုင်လွှတ်ကြတာတွေ ပြေးမြင်မိလိုက်ကြပါတယ်...။ ဒါတွေဟာ...စိတ်ပညာသဘောအရ လူတွေရဲ့...အလွယ်မှတ်သားထားပုံတွေပါ....။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီးတော့လဲ..ကျွန်တော်တို့နိုင်ငံမှာ မူးယစ်ဆေးသုံးတဲ့သူတွေကို ထောင်ဒဏ်တွေချမှတ်ပြီး အပြစ်ပေးအရေးယူတာတွေကို နှစ်ပေါင်းများစွာ..ကြုံတွေ့ခဲ့ကြတာပါ...။

၁၉၇၄ ခုနှစ် မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သောဆေးဝါးများဥပဒေမှာလဲ မူးယစ်ဆေးသုံးတဲ့သူတွေကို ထောင်ဒဏ်ချမှတ်ဖို့ ပြဋ္ဌာန်းခဲ့ပါတယ်။

အဲဒီကနေ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းတော့လဲ....အလားတူပဲ ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်....။

ဒီတော့...မူးယစ်ဆေးဝါးပေါတဲ့ ကျွန်တော်တို့နိုင်ငံမှာ...ဒီဥပဒေနဲ့ ထောင်ဒဏ်ချမှတ်ခံခဲ့ရသူတွေ ဆိုတာ မနည်းမနောပါ...။ ဒါကြောင့်လဲ...လူတွေရဲ့ အမြင်မှာ...မူးယစ်ဆေးသုံးတယ်ဆိုတာနဲ့...ရဲတို့၊ အချုပ်တို့၊ ထောင်တို့ကို ပြေးပြီးမြင်မိကြတာပါ...။

ဒါဆိုရင်...မူးယစ်ဆေးသုံးတာ....ရာဇဝတ်မှုပြဿနာလား?

မူးယစ်ဆေးဆိုတာကော...ဘယ်လိုနားလည်ထားကြပါသလဲ....ဆိုတာတွေကို ဆွေးနွေးပါရစေ...။

ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့ကြီးက ဖွင့်ဆိုချက်အရ မူးယစ်ဆေးဆိုတာ ရေနဲ့အစားအသောက်ကလွဲပြီး ခန္ဓာကိုယ်ထဲရောက်သွားရင် ရုပ်ပိုင်း/စိတ်ပိုင်း အာနိသင်တွေဖြစ်စေတဲ့..အရာတွေလို့ဖွင့်ဆိုထားပါတယ်။

ဒီတော့...ဘိန်းဖြူ၊စိတ်ကြွဆေး၊ဆေးခြောက်တို့လိုအရာတွေသာမက အရက် ဘီယာတို့၊ ကွမ်းတို့၊ ကဖင်းတို့၊ ဆေးလိပ်မှာ ပါတဲ့ နီကိုတင်းတို့လို အရာတွေပါ ပါနေပါတယ်...။ ဥပမာပြောရရင်...အဝေးပြေးကားမောင်းသူတွေဆို ကားမောင်းရင်း အိပ်မငိုက်အောင် ဆိုပြီး...ကွမ်းတွေစားကြတာ....သိကြမှာပါ...။

ဒါဖြင့်ရင်...အရက်သောက်နေသူက....မူးယစ်ဆေးသုံးနေသူကို..နှိမ်ချတဲ့အမြင်နဲ့ကြည့်နေပေမဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်အရကြည့်ရင်တော့...အတူတူချင်း အပြစ်ဆိုနေသလိုဖြစ်နေမှာပါ။

ဒီတော့....ဒီနေရာမှာ ပြောချင်တာက တရားဝင်မှု တရားမဝင်မှုလို့ ဥပဒေ/စည်းကမ်းသတ်မှတ်ချက်တွေ အရပဲ ကွဲပြားသွားတာကို တွေ့ရမှာပါ...။

သုံးစွဲပုံပေါ်မူတည်ပြီး...အန္တရာယ်ရှိ မရှိတွေ၊ စွဲလမ်းမှုတွေ...စသဖြင့်ရှိပေမဲ့ ဒီနေရာမှာတော့ မပြောတော့ပါ...။

အဓိကအားဖြင့်တော့...တရားဝင်တယ်/မဝင်ဘူးလို့....ဥပဒေသတ်မှတ်ချက်တွေကြောင့်သာဖြစ်နေရတာပါ ဆိုတာကို သိစေလိုတာဖြစ်ပါတယ်...။

ဒီနေရာမှာ...စကားစပ်မိလို့ပြောပြရရင်..အမေရိကန်မှာ ဟိုးယခင်က..အရက်ကိုလဲ တရားမဝင်ပဲ သတ်မှတ်အရေးယူခဲ့ပါတယ်...။ နောက်ပိုင်းတော့...တရားမဝင်သတ်မှတ်ခြင်းအားဖြင့် ပြဿနာ ပြေလည်မသွားဘဲ...တရားမဝင်မှောင်ခိုမှုတွေ၊ အုပ်စုဖွဲ့ ဒုစရိုက်ဂိုဏ်းတွေအတွက် အကျိုးအမြတ်ရှာဖို့ ဖြစ်နေတာကြောင့် ၁၉၃၃ ခုနှစ်မှာ ဥပဒေပြင်ဆင်ပြီး တရားဝင်သတ်မှတ်ခဲ့တယ်ဆိုတာပါ...။ (အောက်ပါ ဗွီအိုအေက ဖော်ပြချက်ပုံလေးကို ကြည့်နိုင်ပါတယ်)

တကယ်တော့...လွန်ခဲ့တဲ့ ၁၉၃၀ ကျော်ကာလတွေလောက်က လူတွေရဲ့အမြင်မှာ...မူးယစ်ဆေးသုံးတယ် ဆိုတာ ကိုယ်ကျင့်တရားအားနည်းလို့...ကိုယ့်စိတ်ကိုယ် မထိန်းနိုင်လို့ဆိုတဲ့ အမြင်တွေရှိခဲ့ပြီး...အရေးယူ ဆောင်ရွက်ခဲ့ကြတာပါ။ ဒါတွေကို နောက်ပိုင်း သိပ္ပံနည်းကျလေ့လာမှုတွေ...လုပ်ပြီးတဲ့နောက်မှာ... မူးယစ်ဆေးသုံးတာဟာ ကျန်းမာရေးပြဿနာသာဖြစ်တယ်...။ ဦးနှောက်နဲ့အပြုအမူပေါ်ကို အကျိုးသက်ရောက်စေတယ်..လို့ ကမ္ဘာပေါ်မှာ..သိလာခဲ့ကြပါပြီ။

ကျွန်တော်တို့မြန်မာနိုင်ငံမှာလဲ...၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက အတည်ပြုကြေညာခဲ့တဲ့... ‘အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ’ မှာ...မူးယစ်ဆေးသုံးတာဟာ ကျန်းမာရေးပြဿနာလို့ အတိအလင်း ဖော်ပြထားပါတယ်...။ မူးယစ်ဆေးဝါးဥပဒေကိုလည်း ပြင်ဆင်လိုက်ပေမဲ့...လိုအပ်ချက်တွေတော့ ရှိနေဆဲ ဖြစ်ပါတယ်....။

ဒါကြောင့်...မူးယစ်ဆေးဝါးပြဿနာကို...

ကျွန်တော်တို့တွေရဲ့...ရှုမြင်ပုံတွေပြောင်းလဲပြီး အားလုံးဝိုင်းဝန်းလုပ်ဆောင်ကြပါစို့...လို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါရစေ...။

ကိုးကား

  • WHO (1981)
  • The Science of Addiction (NIDA)
  • ၁၉၇၄ ခုနှစ်၊ မူးယစ်ထုံထိုင်းဘေးဖြစ်စေတတ်သောဆေးဝါးများဥပဒေ၊
  • ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေနှင့် ပြင်ဆင်သည့် ဥပဒေ၊

 

 

(အထက်ပါ‌ဖော်ပြချက်များကို Phoenix Association က အကောင်အထည်ဖော်လျက်ရှိသော “Improving Enabling Environment through increased Drug Policy Awareness” စီမံချက်၏ အစိတ်အပိုင်းတစ်ခု အဖြစ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာခေါင်းစဉ်များထဲမှ အလျဉ်းသင့်သလို ပုံမှန် တင်ပြ ပေးသွားမည်ဖြစ်ပါသည်။)

 

Year: 

2020