PWUD and Crimes

မူးယစ်ဆေးသုံးသူတွေနဲ့ ပြစ်မှုကျူးလွန်သည့်အမြင်များ

တခါတလေ....မှုခင်း ဖြစ်ရပ်သတင်းတွေ ကြားတဲ့အခါမှာ လူတွေအနေနဲ့ တဆေးသမားတွေလုပ်တာနေမှာပါ’ တို့... ‘မူးယစ်ဆေးအရှိန်ကြောင့် နေမှာပါ’...တို့ ကောက်ချက်ချတတ်ပါတယ်...။

ဒါတွေဟာ...စိတ်ပညာသဘောအရကြည့်ရင်...လူတွေဟာ အသေးစိတ်စဉ်းစားရတဲ့အလုပ်တွေမှာ အပင်ပန်းမခံ ချင်တတ်ကြတဲ့အတွက် အလွယ်တကူမှတ်ယူလေ့ရှိကြသဘောတွေလဲ...ပါနေပါတယ်....။

ဥပမာ...သတင်းတွေမှာ မေမြို့ကလာတဲ့ တောင်အဆင်းကွေ့တွေမှာ ကားမှောက်တဲ့ အကြောင်း ဖတ်ထားတဲ့ အခါ...အဲဒီဖက်ကို ခရီးသွားတိုင်း အဲဒါကို စိတ်ပူနေတာမျိုး ကြုံဖူးကြမှာပါ...။ သေသေချာချာ စဉ်းစားကြည့်ပြန် ရင် အဲဒီလမ်းခရီးကို နေ့စဉ် ကားပေါင်း ရာနဲ့ချီပြီး ဖြတ်နေကြတာပါ..။ အဲဒီ အထဲကမှ..မတော်တဆဖြစ်တဲ့ အကြီမ်ရေဟာ...ကိန်းဂဏန်းနဲ့ တွက်ကြည့်ပြန်ရင် အလွန်နည်းသွားပြီး သာမန်မြေပြန့်လမ်းတစ်ခုမှာ ဖြစ်တတ်တဲ့ မတော်တဆမှုဖြစ်နိုင်ခြေနဲ့ ဘယ်လောက်ကွာဟမှုရှိသလဲ...ပိုနည်းသလား...ပိုများသလား...ဆိုတာတွေ စဉ်းစားလို့ ရမှာဖြစ်ပါတယ်....။

အဲဒီလိုပါပဲ....သတင်းတွေမှာ ဒုစရိုက်မှု...လုယက်မှုတွေကျူးလွန်တာကြားလိုက်ရတဲ့အခါမှာလဲ...လူတွေက ခေါင်းထဲပေါ်လာတဲ့အရာနဲ့ အလွယ်တကူကောက်ချက်ချတဲ့သဘောမျိုးဖြစ်သွားပြီး...မူးယစ်ဆေးသုံးတဲ့သူတွေဟာ ဒုစရိုက် ကျူးလွန်လေ့ရှိသလိုမျိုး အထင်ရောက်သွားစေနိုင်ပါတယ်...။ ဒါတွေဟာ...မူးယစ်ဆေးသုံးတာကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ခဲ့တာတွေနဲ့လဲ ဆက်စပ်နေတယ်လို့တော့...ဆိုနိုင်ပါတယ်...။

ဒါတွေနဲ့...ပတ်သက်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံးရဲ့ နှစ်စဉ်အစီရင်ခံစာထဲမှာ ဖော်ပြထားတာလေးကို ဝေမျှပါရစေ...။

နောက်ဆုံးထုတ်တဲ့...အစီရင်ခံစာထဲမှာ...လူသတ်မှုတွေနဲ့ ပတ်သက်ပြီးဖော်ပြထားပါတယ်....။ အစီရင်ခံစာအရ လူသတ်မှုကျူးလွန်ထားတဲ့အမှုတွေမှာ...ကျူးလွန်သူဟာ မူးယစ်နေတယ်ဆိုတဲ့အချက်ဟာ အရေးပါတဲ့အချက် ဖြစ်တဲ့အကြောင်းဖော်ပြထားပါတယ်...။ သူတို့အနေနဲ့ အချက်အလက်တွေ ရရှိနိုင်မှုအကန့်အသတ်တွေရှိနေပေမဲ့ တွေ့ရှိချက်တွေအရ အကြမ်းဖက်မှုတွေမှာ အရက်သောက်ပြီးကျူးလွန်တာ ပိုတွေ့ရတဲ့အကြောင်းဖော်ပြထား ပါတယ်။ အောက်က ပြထားတဲ့ ပုံကို ကြည့်ရင် လူသတ်မှုတွေရဲ့ ၃၇ ရာနှုန်းမှာ ကျူးလွန်သူတွေဟာ မူးယစ်သောက်စားပြီး ကျူးလွန်တာကိုဖော်ပြနေပါတယ်။ အဲဒီ ၃၇ ရာနှုန်းထဲမှာ..ပြန်ပြီးအုပ်စုခွဲရင် ၉၀ရာနှုန်းက အရက်သောက်ထားပြီးကျူးလွန်တာတွေဖြစ်ပြီး၊ ကျန်တဲ့ရာနှုန်းထဲကမှ မူးယစ်ဆေးဝါးသုံးပြီး ကျူးလွန်တာတွေ့ရ တာကို တွေ့မြင်နိုင်ပါတယ်။

ဒါကြောင့်...မူးယစ်ဆေးသုံးလို့ ပြစ်မှုကျူးလွန်တာလို့အလွယ်တကူ ကောက်ချက်မချသင့်ဘဲ...မူးယစ်ဆေးနဲ့ ပတ်သက်ပြီးကောက်ချက်ချမယ်ဆိုရင်လည်း အခြားသောမိသားစုအခြေအနေများ၊ လူမှုရေး စီးပွားရေး အခြေအနေများ၊ အပေါင်းအသင်းတွေက ဖိအားပေးမှု စတဲ့အချက်တွေကိုလဲ ထည့်သွင်းစဉ်းစားသင့်တဲ့အကြောင်း ဖော်ပြထားပါတယ်....။

နောက်တခါ....မူဝါဒသတ်မှတ်ချက်တွေ၊ အခြေအနေတွေကြောင့်လဲ ဖြစ်တတ်တာတစ်ခုကို ပြောပြပါရစေ...။  အမေရိကန်အစိုးကလုပ်ခဲ့တဲ့...လေ့လာမှုတစ်ခုပါ...။ သူတို့က ဘိန်းအနွယ်ဝင်ဆေးတွေနဲ့ ကိုကင်းအုပ်စုဝင် ဆေးတွေကို...သုံးလေ့ရှိသူတွေကို လေ့လာခဲ့တာပါ။ လေ့လာခဲ့တဲ့သူတွေဟာ သူတို့ကိုယ်သူတို့ မူးယစ်ဆေး စွဲနေကြောင်း ဝန်ခံထားတဲ့သူတွေဖြစ်ပါတယ်...။ အဲဒီလူတွေရဲ့ လေးပုံသုံးပုံလောက်ဟာလည်း အလုပ်အကိုင်နဲ့ တည်တည်ငြိမ်ငြိမ်နေနိုင်ခဲ့ကြပါတယ်။ သူတို့ဟာမူးယစ်ဆေးတွေကို တရားမဝင် သတ်မှတ်လိုက်ပြီး... ဖမ်းဆီးနှိမ်နှင်းမှုတွေ ရှိလာတဲ့နောက်မှာ...သူတို့ရပ်တည်မှုအတွက် ဒုစရိုက်မှုတွေမှာ ပတ်သက်လာတဲ့အကြောင်း၊ သူတို့ရဲ့ ဘဝရပ်တည်မှုအတွက် အမျိုးသားတွေအကြားမှာ ခိုးဝှက်တဲ့ အလုပ်တွေကျူးလွန်လာကြပြီး အမျိုးသမီးဆေးစွဲနေသူကတော့ လိင်လုပ်ငန်းတွေပါလုပ်ရတဲ့အကြောင်း ဖော်ပြထားတာတွေ့ရပါတယ်...။

ဒါဟာ မူဝါဒတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေဟာလည်း အကျိုးသက်ရောက်မှုရှိနေတယ်ဆိုတာ စဉ်းစားသင့်တဲ့ အကြောင်း ပြောရင်းနဲ့ နိဂုံးချုပ်လိုက်ပါရစေ..။

 

ရည်ညွှန်း -    World Drug Report 2020 (UNODC)

  • The World Drug Perception Problem, Global Commission on Drug Policy (2017 Report)

(အထက်ပါ‌ဖော်ပြချက်များကို Phoenix Association က အကောင်အထည်ဖော်လျက်ရှိသော “Improving Enabling Environment through increased Drug Policy Awareness” စီမံချက်၏ အစိတ်အပိုင်းတစ်ခု အဖြစ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာခေါင်းစဉ်များထဲမှ အလျဉ်းသင့်သလို ပုံမှန် တင်ပြ ပေးလျက်ရှိပါသည်။)

 

Year: 

2020