Annual report for PRLM (2020)

၂၀၂၀ ခုနှစ် ဖီးနစ် အဆိုစီရေးရှင်း အစီရင်ခံစာ

 

ဖီးနစ်အဆိုစီရေးရှင်းသည် ပြည်တွင်းလူမှုစီးပွားရေးအဖွဲ့အဖြစ် ပြည်ထဲရေးဝန်ကြီးဌာန၏ အသင်းအဖွဲ့ မှတ်ပုံတင်အား ၂၀၁၂ ခုနှစ် ဧပြီလတွင် စတင် ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် သင်းဖွဲ့ မှတ်ပုံတင် အမှတ် ၁ / ပြည်တွင်း / ၁၃၂၃ ဖြင့် သက်တမ်းတိုးမြင့်ခွင့် ထပ်မံရရှိ၍ လူမှုစီးပွားရေး လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေသော ပြည်တွင်း အဖွဲ့အစည်း ဖြစ်ပါသည်။

အဖွဲ့၏ ပင်မရုံးချုပ်အား ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ သမ္ဗူလလမ်း၊ ထီးလှိုင်ရှင် အိမ်ရာ၊ အိမ်အမှတ် ၁၅၈ (ဒီ) တွင် ဖွင့်လှစ်ထားရှိပြီး ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာ မြို့နယ်၊ အမှတ် ၁၁၂၊ သုဓမ္မာလမ်းမကြီး၊ (ဌ) ရပ်ကွက်တွင် စီမံချက် ရုံးခွဲတစ်ခုအား ဖွင့်လှစ်၍ ကျန်းမာရေး (HIV) ဆိုင်ရာ စီမံချက်များ အကောင်အထည်ဖော် လုပ်ဆောင်လျက် ရှိပါသည်။

၂၀၁၂ ခုနှစ်မှ စတင်ပြီး HIV/AIDS ဆိုင်ရာထိခိုက်လွယ် အုပ်စုများ၏ လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နှင့်ကိုက်ညီသော တရားစီရင်ရေးဆိုင်ရာရပိုင်ခွင့်များကို အပြည့်အဝရရှိနိုင်စေရန်၊ အဆိုပါ အုပ်စုများအတွက် မူဝါဒကောင်းများ ပေါ်ထွန်းလာ စေရန်နှင့် တရားမျှတပြီး အကာအကွယ်ပေးနိုင်မည့် ဥပဒေကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်လျက် တရားဉပဒေ စိုးမိုးရေး အစီအစဉ်ကို စတင်ခဲ့ပြီး အဆိုပါအုပ်စုများ၏ အခက်အခဲများ ပြသနာများအတွက် အရေးဆိုတင်ပြမှုများပြုလုပ်ခြင်း၊ ဥပဒေရေးဆွဲခြင်း၊ ဥပဒေအထောက်အကူ ပြုခြင်း၊ ဥပဒေအသိပညာပေးခြင်း၊ မူဝါဒရေးဆွဲခြင်း ကိစ္စရပ်များတွင် စတင် ပါဝင်ဆောင်ရွက် လျက်ရှိပါသည်။

၂၀၂၀ ခုတွင် စီမံချက်နှင့် ရုံးဝန်ထမ်း စုစုပေါင်း ( ၆၇ ) ဦးဖြင့် အောက်ပါလုပ်ငန်းများ လုပ်ဆောင်ခဲ့ပါသည်။

-           အဖွဲ့၏ လူမှု စီးပွားရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ

-           ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ဥပဒေဆိုင်ရာ စီမံချက်များ

-           ပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ

 

အဖွဲ့၏ လူမှု စီးပွားရေး နှင့် ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းများ

စတင်ဖွဲ့စည်းခဲ့စဉ်မှ ယနေ့အချိန်ထိ HIV ပိုးဖြင့် ရှင်သန်နေကြသူများနှင့် ယင်းတို့၏ မိသားစုများ သာမက နွမ်းပါးသူ၊ အသိပညာဗဟုသုတ လိုအပ်နေသောသူများ အတွက် ပံ့ပိုးကူညီ စောင့်ရှောက်သော လုပ်ငန်းများနှင့် အဖွဲ့၏ ရံပုံငွေအတွက် အိမ်တွင်းမှု စီးပွားရေးလုပ်ငန်း (အထည်ချုပ်) ကို လုပ်ဆောင်ခဲ့ကြ ပါသည်။

HIV ပိုးကြောင့် နာမကျန်းဖြစ်ကာ မင်္ဂလာဒုံ အထူးကုဆေးရုံသို့ လာရောက်ကုသသူများအနက် စောင့်ရှောက်မည့် သူများ လိုအပ်နေသည့် လူနာများ၊ နွမ်းပါးလူနာများအား အခကြေးငွေ မယူပဲ လူနာစောင့် အဖြစ် ဖီးနစ်အဖွဲ့၏ လုပ်အားပေး (၉) ဦးမှ မင်္ဂလာဒုံဆေးရုံအုပ်ကြီး၏ ခွင့်ပြုမှုဖြင့် နေ့စဉ် ကူညီဆောင်ရွက်ပေးလျက် ရှိပါသည်။

စီးပွားရေးလုပ်ငန်းအနေဖြင့် အသေးစား အထည်ချုပ်လုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး ရရှိလာသည့် အကျိုးအမြတ် တို့ကို လူမှုရေးလုပ်ငန်းများတွင် အသုံးပြုခြင်းနှင့် အဖွဲ့ ရေရှည်တည်တံ့ရေး ရံပုံငွေတို့အတွက် အသုံးပြုလျက် ရှိပါသည်။ စက်ချုပ်လုပ်ငန်းမှာလည်း သမဝါယမ ဝန်ကြီးဌာန၊ အိမ်တွင်း စက်မှုလက်မှု လုပ်ငန်းမှ လုပ်ငန်း မှတ်ပုံတင်ဖြင့် လုပ်ဆောင်နေပြီး လူမှုရေး စျေးရောင်းပွဲများ နှင့် ပြင်ပမှ မှာယူသူများအတွက် ချုပ်လုပ် ပေးလျက်ရှိပါသည်။

 

၂၀၂၀ ခုနှစ် ကျန်းမာရေး၊ တရားဥပဒေ စိုးမိုးရေး နှင့် ဥပဒေဆိုင်ရာ စီမံချက်များ

(၁) HIV / TB ကာကွယ်ရေး စီမံချက် (အမျိုးသားချင်း ချစ်ခင်စုံမက်သူများအတွက်)

(၂) HIV / TB ကာကွယ်ရေး စီမံချက် (အမျိုးသမီး လိင်လုပ်သားများအတွက်)

(၃) ကုသခြင်း၊ HIV သွေးစစ်ခြင်း နှင့် နှစ်သိမ့်ဆွေးနွေးခြင်း စီမံချက်

(၄) လူထုပါ၀င် တီဘီကင်းစင် မြန်ပြည်တစ်ခွင် စီမံချက်

(၅) တရားရေးကိစ္စရပ်များတွင်  ဥပဒေရေးရာ  အကူအညီများ ရယူရန် သက်ဆိုင်သူများ၏ အသိအမြင်နှင့် ပံ့ပိုးမှု မြှင့်တင်ခြင်း စီမံချက်

(၆) ပတ်ဝန်းကျင်အား ပိုမိုမြင့်မားသောအသိအမြင်တိုးမြှင့်ခြင်းအားဖြင့်မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒအား ချဉ်းကပ်မှု စွမ်းဆောင်ရည် တိုးတက်ရေး စီမံချက်

 

တရားရေး ကိစ္စရပ်များတွင်  ဥပဒေရေးရာ  အကူအညီများ ရယူရန် သက်ဆိုင်သူများ၏ အသိအမြင်နှင့် ပံ့ပိုးမှု မြှင့်တင်ခြင်း စီမံချက်

 

စီမံချက်အမျိုးအစား -    ဉပဒေ အထောက်အကူ (အခမဲ့) ပေးခြင်း၊ ရပ်ရွာလူထုအား ဉပ‌ဒေ အခြေခံများအား အသိပညာပေးခြင်း

ရံပုံငွေ ပမာဏ -           ၁၁၂,၁၄၇,၂၅၀ ကျပ်

အလှူရှင် အဖွဲ့အစည်း -  U.S. Agency for International Development (USAID)

ဝန်ထမ်းအရေအတွက် -  (၁၁) ဦး

စီမံချက် ဧရိယာ -           ရန်ကုန်တိုင်းဒေသကြီး

 

စီမံချက် ဆောင်ရွက်မှုများနှင့် ရလဒ်များ

စီမံချက်မိတ်ဆက်ပွဲ Project Launching)ကို  Covid 19 ကပ်ရောဂါကြောင့် Online မှသာကျင်းပခဲ့ရပြီး အဖွဲ့၏ Social Media စာမျက်နှာမှတစ်ဆင့် မိတ်ဆက်ကျင်းပကာ လူထုသို့ ၂၀၂၀ ခုနှစ် မေလတွင် အသိပေး မိတ်ဆက်နိုင်ခဲ့ပါသည်။ အဆိုပါ Launch ပြုလုပ်သော Post သည် Social Media (Facebook) အသုံးပြုသူပေါင်း ငါးသောင်းကျော်ထံ ရောက်ရှိခဲ့ပြီး လူထုမှ စိတ်ပါဝင်စားမှုရှိစွာ ဝင်ရောက်ကြည့်ရှုကြသည်ကို တွေ့ရှိခဲ့ရပါသည်။

      စီမံချက်ဝန်ထမ်းများနှင့် ဖီးနစ်အဖွဲ့ဝင်များအား ဥပဒေအထောက်အကူပြုဆိုင်ရာ အသိပညာ မျှဝေခြင်း သင်တန်းကို ၂၀၂၀ ခုနှစ် မေလတွင် စီမံချက်မှ ကျင်းပပြုလုပ်ပေး နိုင်ခဲ့ပါသည်။ စုစုပေါင်းပါဝင် တက်ရောက်သူ (၁၅) ဦးအား အသိပညာများမျှဝေပေးနိုင်ခဲ့ပါသည်။

      ရာဇဝတ်မှုများတွင် စွပ်စွဲခံရသူများဘက်မှ အခမဲ့ရှေ့နေလိုက်ပါဆောင်ရွက်ပေးနိုင်ခဲ့ပြီး အမှုပေါင်း (၄၀) မှုကို ၂၀၂၀ ခုနှစ်အတွင်း အခမဲ့ဝန်ဆောင်မှုပေးနိုင်ခဲ့ပါသည်။ Online - Hotline တို့မှ ဥပဒေဆိုင်ရာအကြံပေးခြင်း လုပ်ငန်းစဥ်မှ ၂၀၂၀ ခုနှစ်တွင်း မြန်မာနိုင်ငံအတွင်းရှိ ဆက်သွယ်မေးမြန်းလာသူများ၏ အမှုပေါင်း (၄၅၀) မှုကို ဥပဒေအကြံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ချိတ်ဆက်အသိပညာပေး ပစ္စည်းများဖြစ်သော ထီး / ဘောပင်အိတ် တို့ကို တစ်မျိုးလျင် အခုရေ(၃၀၀) စီထုတ်လုပ်ခဲ့ပြီး လူထုအသိပညာပေး လုပ်ငန်းများတွင် ဖြန့်ဝေနိုင်ရန် စီစဥ်ထားရှိနိုင်ခဲ့ပါသည်။

      ဥပဒေအထောက်အကူပြုခြင်း ဆိုင်ရာအသိပညာများနှင့် ဝန်ဆောင်မှုများရယူရန် လမ်းညွှန်ချက်များ ပါဝင်သော Factsheet စာအုပ်အုပ်ရေ (၅၀၀) ကိုလည်းထုတ်လုပ်နိုင်ခဲ့ပြီး အသိပညာပေး ဆွေးနွေးပွဲများ ပြန်လည် ပြုလုပ်နိုင်ချိန်တွင် သက်ဆိုင်ရာ Stakeholders များနှင့် ပြည်သူလူထုသို့ မျှဝေပေးသွားမည် ဖြစ်ပါသည်။

      Covid 19 ကပ်ရောဂါကြောင့် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ဥပဒေအသိပညာပေးခြင်း လုပ်ငန်းစဥ်ကို လုပ်ကိုင်ရန် မဖြစ်နိုင်တော့သည့်အတွက် Social Media မှ တစ်ဆင့်လူထုသို့ ဥပဒေအသိပညာ ပေးခြင်းကို ပြောင်းလဲဆောင်ရွက်ခဲ့ရပါသည်။ ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဖီးနစ်အဖွဲ့၏ Facebook စာမျက်နှာကို အသုံးပြုပီး ဥပဒေဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ Social Media အသုံးပြုသူ အကောင့်ပေါင်း (၃၀,၀၀၀) ဝန်းကျင်ကို ဥပဒေဆိုင်ရာအသိပညာများ မျှဝေပေးနိုင်ခဲ့ပါသည်။

ဖီးနစ်အဖွဲ့၏ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် (၂၀၂၁ - ၂၀၂၅) မဟာဗျူဟာ စီမံချက် ရေးဆွဲခြင်း လုပ်ငန်းစဉ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၀ ခုနှစ် အတွင်း Strategic Direction ကို အပြီးသတ်ချမှတ် ရေးဆွဲနိုင်ခဲ့ပါသည်။ ၂၀၂၁ ခုနှစ်တွင် ဖီးနစ်အဖွဲ့၏ မူဝါဒများကို (Policy review and analysis) လုပ်ငန်းအစီအစဥ်ဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် OD process ၏ လုပ်ငန်းစဥ်ကို ရှေ့လုပ်ငန်းစဥ်အဖြစ် အစီအစဥ်ရေးဆွဲ ချမှတ်နိုင်ခဲ့ပါသည်။

 

အခက်အခဲနှင့် စိန်ခေါ်မှုများ

            ၂၀၂၀ ခုနှစ်အတွင်း Covid-19 ကမ္ဘာ့ကပ်ရောဂါ ပြင်းထန်စွာကူးစက် ဖြစ်ပွားမှုသည် စီမံချက်လုပ်ငန်း များကို ဆောင်ရွက်ရာတွင် များစွာသက်ရောက်မှုများ ရှိခဲ့ပြီး နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် မူလ ရေးဆွဲခဲ့သည့် လုပ်ငန်းစဥ်များကို ဆောင်ရွက်ရန် မဖြစ်နိုင်တော့ခြင်းကြောင့် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ခဲ့ရခြင်း စသည့် အခက်အခဲများ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်ြဖတ်ခဲ့ရပါသည်။

- တရားရုံးများမှ ပုံမှန်လုပ်ငန်းဆောင်တာများ မလုပ်ဆောင်နိုင်တော့ခြင်းကြောင့် အမှုများ နှောင့်နှေး ကြန့်ကြာမှုများ ရှိလာခြင်း

- လူစုလူဝေးနှင့် ပြုလုပ်ရသည့် လုပ်ငန်းစဥ်များကို ဆောင်ရွက်၍မရနိုင်တော့ခြင်းကြောင့် Online လုပ်ငန်းစဥ် များအဖြစ်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ရခြင်း

- အမှုသည်များထံမှ အမှုဆိုင်ရာအချက်အလက်များကို ပြည့်စုံတိကျစွာ မရရှိနိုင်တော့ခြင်းကြောင့် အမှု များကို လက်ခံ ဆောင်ရွက်ပေးနိုင်မှု နည်းပါခြင်း

- အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနလက်အောက်ရှိ ရပ်ကျေးတာဝန်ခံများ ၊ မီဒီယာမှ စိတ်ပါဝင်စားသူများ စသည့် ဦးတည်အုပ်စုများ အလိုက်ဖိတ်ကြားပီး ဥပဒေအထောက်အကူပြု ဥပဒေနှင့် ပတ်သက်သည့် အသိ ပညာမျှဝေမည့် အလုပ်ရုံဆွေးနွေးပွဲများသည်လည်း Covid 19 Pandemic ကြောင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘဲ ၂၀၂၁ ခုနှစ်သို့ ရွှေဆိုင်းစီစဥ်ခဲ့ ရပါသည်။

- Online လုပ်ငန်းစဥ်များသို့ ပြောင်းလဲဆောင်ရွက်ခဲ့ရသည်တွင် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်ကြုံတွေခဲ့ရခြင်း စသည်အခက်အခဲ နှင့် စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါသည်။

သို့ရာတွင် စီမံချက်ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှု ပြောင်းလဲနေထိုင် လုပ်ကိုင်ဆောင်ရွက်ရမှု အပေါ် လိုက်လျောညီထွေစွာ လိုက်ပါဆောင်ရွက်နိုင်မှု ဖီးနစ်အဖွဲ့ ဦးဆောင်ကော်မတီ၏ အပြည့်အဝပံ့ပိုးကူညီမှု အလှုရှင် အဖွဲ့အစည်းတို့မှ အပြည့်အဝထောက်ပံ့ ကူညီမှုတို့ဖြင့် အဆိုပါစိန်ခေါ်မှု အခက်အခဲများကို အတိုင်းအတာ တစ်ခုထိ ကျော်လွှားဖြေရှင်းနိုင်ခဲ့ပါသည်။

 

စီမံချက်လုပ်ငန်းမှတ်တမ်းပုံများ

၂၀၂၀ မေ (၈) ရက် - စီမံချက် မိတ်ဆက်ပွဲ အား အွန်လိုင်းဖြင့် ပြုလုပ်ခဲ့သည့် မှတ်တမ်း

၂၀၂၀ မေ (၂၄-၂၆) ဝန်ထမ်းများ အရည်အသွေးမြှင့် သင်တန်း)

   

ဉပဒေ အထောက်အကူပေးခြင်းများ (၂၀၂၀ ခုနှစ်)

  

၂၀၂၀ ခုနှစ် အဖွဲ့တွင်း စီမံချက် အစည်းအဝေးများ

ပြည်တွင်း နှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ

            ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ် ၁၉ ကန့်သတ်မှုများကြောင့် ပြည်ပအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်မှု မပြုလုပ်နိုင်ခဲ့ပါ။

            သို့သော် ပြည်တွင်းတွင် ကျန်းမာရေးလုပ်ငန်းများအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန (အမျိုးသား ခုခံကျ/ကာလသား စီမံချက်)၊ ပြည်ကြီးခင်၊ FHI 360 ၊ မဟာမိတ်မြန်မာ၊ Medical Action Myanmar (MAM) ၊ ICAP ၊ UNAIDS ၊ အမျိုးသမီး အဖွဲ့အစည်းများကွန်ရက်၊ အေးမြန်မာ အဆိုစီရေးရှင်း၊ အေးငြိမ်းမေတ္တာ၊ Lotus တို့အပြင် HIV လုပ်ငန်းများ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံ HIV ပိုးနှင့် အသက်ရှင် နေထိုင်သူများကွန်ရက်၊ မြန်မာနိုင်ငံ HIV ပိုးနှင့် အသက်ရှင် နေထိုင်သူများကွန်ရက်၊ တော်ဝန်ခရေ ကွန်ရက်၊ ပဒုမ္မာကွန်ရက်၊ မူးယစ်ဆေးဝါး သုံးစွဲသူများကွန်ရက်၊ မြန်မာနိုင်ငံ ဘာသာပေါင်းစုံ AIDS ကွန်ရက်၊ မြန်မာ လူမှုအဖွဲ့အစည်းများ ကွန်ရက်၊ မြန်မာလူငယ် ကြယ်ပွင့်များကွန်ရက်တို့နှင့် အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက် ဆောင်ရွက်ခဲ့ပါသည်။

            တရားဉပဒေ စိုးမိုးရေးလုပ်ငန်းများကိုလည်း မြန်မာနိုင်ငံ ဉပဒေအထောက်အကူပြုကွန်ရက်၊ အမျိုးသမီး အဖွဲ့အစည်းများ ကွန်ရက်၊ USAID ၊ Open Society Foundation ၊ ပြည်သူ့လွှတ်တော် နှင့် အမျိုးသားလွှတ်တော် သက်ဆိုင်ရာ ကော်မတီများ တို့နှင့် ချိတ်ဆက် လုပ်ဆောင်ခဲ့ပါသည်။

 

            ဖီးနစ်အဆိုစီရေးရှင်းသည် ၂၀၂၀ ခုနှစ်အတွင်း ကိုဗစ် ကန့်သတ်ချက်များကြောင့် ရုံးလုပ်ငန်းများအား ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စည်းကမ်းချက်များနှင့် အညီ ဆောင်ရွက်ခဲ့ပါသည်။ အထူးသဖြင့် အစည်းအ‌‌ဝေးများနှင့် သင်တန်းများအား အွန်လိုင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပေါ်လစီများ ပြန်လည်သုံးသပ်ရေးဆွဲခြင်း၊ အဖွဲ့ဝင်များအား စွမ်းရည်မြှင့်တင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ပါသည်။

Year: 

2021