Will Power to Drug Use

မူးယစ်ဆေးသုံးစွဲမှုကို ရပ်တန့်ခြင်းနှင့်စိတ်စွမ်းအား

မူးယစ်ဆေးသုံးတာနဲ့ပတ်သက်ပြီး...ကာကွယ်ရေး၊ကုသရေး၊အန္တရာယ်လျော့ကျရေး စတဲ့ လုပ်ငန်းတွေ လုပ်ကြတဲ့ အခါမှာ...အများပြည်သူကို ဖြစ်စေ၊ ဒေသတခုမှာရှိတဲ့ တာဝန်ရှိသူတွေကိုဖြစ်စေ၊ ပတ်သက်စပ်ဆိုင်သူတွေကို ဖြစ်စေ...ဒီလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဆွေးနွေးတင်ပြရတာမျိုးတွေ ရှိတတ်ပါတယ်...။

ဒီလိုဆွေးနွေးတင်ပြရတဲ့အခါမျိုးတွေမှာ...မကြာခဏ ကြုံတွေ့ရတဲ့ အမြင်တစ်ခုကတော့....

‘ကိုယ့်စိတ်ကိုယ်နိုင်ရင် ပြီးတာပဲ၊ ဖြတ်လို့ရပါတယ်...၊

လူသာ အဓိကပါ...’ စတဲ့ ထင်မြင်ချက်မျိုးကို တွေ့ရလေ့ရှိပါတယ်....။

ဒါဟာ...နည်းလမ်းရွေးချယ်မှုကိစ္စလို့လဲ...ပြောလို့ရပါတယ်....။ နည်းလမ်းတစ်ခုဟာ...ဘယ်လောက်သုံးလို့ရမလဲ...၊ လူအများစုအတွက် သုံးလို့ရမလား...၊ ထိရောက်မှုရှိကြောင်း ဘယ်လို အထောက်အထားတွေရှိလဲ ဆိုတာတွေကို ထည့်သွင်း စဉ်းစားသင့်ပါတယ်....။

မူးယစ်ဆေးစွဲနေတဲ့သူတွေနဲ့...စကားပြောကြည့်လိုက်ရင်...သူတို့ ဆေးဖြတ်ချင်ကြောင်း၊ ရပ်ဖို့အခက်အခဲတွေ ရှိကြောင်း....ကြိုးစားကြည့်ဖူးပေမဲ့..မအောင်မြင်တဲ့ အကြောင်းတွေကို မကြာခဏကြားရတတ်ပါတယ်...။

ဒီတော့.....

အမေရိကန်နိုင်ငံ National Institute on Drug Abuse (NIDA) က ရေးထားတဲ့ The Science of Drug Use: Discussion Points ဆိုတဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားချက်တချို့ကို အောက်မှာ ကောက်နုတ်ပြီး ဆီလျော်သလို ဘာသာပြန်ဖော်ပြပေးလိုက်ပါတယ်....။

လူတွေဘာလို့ မူးယစ်ဆေးသုံးကြတာလဲ?

ကောင်းတဲ့အာရုံခံစားမှုလေးလိုချင်လို့၊ မကောင်းတဲ့စိတ်ခံစားမှုတွေ ရပ်သွားအောင်လို့၊ ကျောင်းတို့...အလုပ်ခွင့်တို့ မှာ စွမ်းဆောင်ရည်တက်လာအောင်လို့...ဒါမှမဟုတ် သိချင်လို့စမ်းကြည့်ချင်လို့၊ သူများတွေက သုံးနေတာမို့ သူတို့နဲ့အပေါင်းအသင်းဆံ့အောင်လို့ စတဲ့အကြောင်းအမျိုးမျိုးရှိပါတယ်...။ ဆယ်ကျော်သက်လူငယ်တွေအကြားမှာ တော့ နောက်ဆုံးအချက်က အတွေ့အများဆုံးပါ...။

သုံးလိုက်တဲ့အခါကောင်းတဲ့ ခံစားမှုဖြစ်လာစေဖို့...မူးယစ်ဆေးက ဦးနှောက်ရဲ့ သက်ဆိုင်ရာအစိတ်အပိုင်းကို နှိုးဆွ ပေးလိုက်ပါတယ်။ ဆက်ပြီး မကြခဏသုံးလာတဲ့အခါမှာ...ဦးနှောက်ရဲ့ အဲဒီအစိတ်အပိုင်းလေးဟာ မူးယစ်ဆေးကို ယဉ်ပါးလာပါတယ်...။ အဲဒီလို ဖြစ်လာပြီဆိုရင်...သုံးတဲ့သူဟာ အရင်လိုပဲ ကောင်းတဲ့စိတ်ခံစားမှု ဖြစ်လာစေဖို့...မူးယစ်ဆေးကို ပိုပိုပြီး သုံးဖို့လိုလာပါတော့တယ်...။ သိပ်မကြာခင်မှာပဲ... သုံးတဲ့သူရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်အတိုင်းဖြစ်နေဖို့အတွက်တောင် မူးယစ်ဆေးလိုအပ်လာပါတော့တယ်...။ မူးယစ်ဆေးမသုံး တာနဲ့ နေလို့ထိုင်လို့မကောင်းသလိုလို...တခုခုကို စိုးရိမ်စိတ်ပူနေသလိုလို...ထစ်ခနဲရှိစိတ်တိုချင်တာမျိုးလို သည်းမခံချင်တာမျိုး တွေဖြစ်လာပါတော့တယ်...။ အရင်ဆုံး ဆေး စ သုံးတုန်းကရဖူးတဲ့ ကောင်းတဲ့ခံစားမှုမျိုးလဲ မရတော့ပါဘူး။ ဒီလိုမျိုးကို..တရားမဝင်မူးယစ်ဆေးဝါးတွေသုံးတဲ့အခါမှာ တွေ့ရမှာ ဖြစ်ပါတယ်...။

‌ဆေးစွဲတဲ့အဆင့်

ဒီအချိန်မှာတော့....စိတ်က မူးယစ်ဆေးမသုံးချင်ရင် မသုံးဘဲနေလို့မရတဲ့အခြေအနေပါ။ မူးယစ်ဆေးကြောင့် ကိုယ့်မှာဆိုးကျိုးတွေဖြစ်နိုင်မှန်းသိနေပေမဲ့ သုံးချင်တဲ့အာသီသက ပြင်းထန်လွန်းတာမို့ ထိန်းချုပ်ရခက်တဲ့ အခြေအနေပါ။ ဆေးစွဲမှုက ကိုယ့်အတွက် စားဖို့၊ အိပ်ဖို့ကိစ္စတွေထက်တောင် အရေးကြီးလာတတ်ပါတယ်။ ကိုယ့်ရဲ့ အချိန်တိုင်းမှာ....မူးယစ်ဆေးရဖို့နဲ့ သုံးဖို့ အာရုံတွေနဲ့ပဲ ပြည့်နှက်နေတတ်ပါတယ်။ ကိုယ်နှစ်သက်တဲ့ အရာတွေကို မူးယစ်ဆေးက အစားထိုးဝင်ရောက်သွားပါတယ်။ ဆေးစွဲနေတဲ့သူဟာ...ဆေးဆက်သုံးနေနိုင်ဖို့... လိမ်တာ၊ ခိုးတာ၊ သူတပါးကို ထိခိုက်အောင်လုပ်တာမျိုးတွေအပါအဝင် ဘာမဆိုလုပ်ရ လုပ်ရဆိုတာမျိုးဖြစ်လာတတ်ပါတယ်...။

ကိုယ့်ရဲ့စိတ်စွမ်းအားနဲ့မူးယစ်ဆေးသုံးတာကို ရပ်လို့ မရဖူးလား?

အစမှာတော့... မူးယစ်ဆေး စ သုံးလိုက်တာဟာ ကိုယ့်ရဲ့ ရွေးချယ်မှုတစ်ခုလို့ပဲ ပြောရမှာပါ။ ဒါပေမဲ့...ဆက်ကာ ဆက်ကာ သုံးလာတဲ့အခါမှာတော့...မိမိကိုယ်မိမိ ထိန်းချုပ်ဖို့ ခက်သထက် ခက်လာပါတယ်။ ဒါဟာ...ဆေးစွဲတာရဲ့ အဓိကလက္ခဏာလဲ ဖြစ်ပါတယ်....။ မူးယစ်ဆေးစွဲနေသူတွေရဲ့ ဦးနှောက်တွေကိုလေ့လာမှုတွေလုပ်ကြည့်တဲ့အခါ... ဆုံးဖြတ်ချက်တာ၊ လေ့လာသင်ယူတာနဲ့ မှတ်ဉာဏ်ဆိုင်ရာ၊ မိမိအပြုအမူကိုထိန်းချုပ်တာနဲ့ သက်ဆိုင်တဲ့ ဦး‌နှောက်ရဲ့ အစိတ်အပိုင်းတွေမှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေရှိနေတာကို တွေ့ရပါတယ်။ ဦးနှောက်မှာဒီလိုပြောင်းလဲမှုတွေဖြစ်လာပြီ ဆိုရင် ဦးနှောက်ရဲ့ အလုပ်လုပ်ပုံဟာလဲ ပြောင်းလဲလာတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုကြပြီး ဒီလိုတွေ့ရှိမှုဟာ ထိန်းချုပ်ဖို့အလွန်ခက်တဲ့ မူးယစ်ဆေးစွဲမှုကြောင့် အန္တရာယ်များတဲ့ အပြုအမူတွေလုပ်ဆောင်တတ်တာကို ဖော်ပြနေတယ်လို့ ဆိုပါတယ်....။

 

ဒါဆိုရင်.....

ကိုယ့်စိတ်ကိုယ်နိုင်ရင် ပြီးတာပဲ...လို့ ယူဆဖို့ရာ နှိုင်းချိန်စဉ်းစားနိုင်ပြီလို့ ယူဆပါတယ်...။ လူတယောက်ချင်းရဲ့ တည်ဆောက်ပုံတွေ၊ ပြောင်းလဲမှုတွေမတူသလို...သုံးစွဲတဲ့ကာလတွေ....သုံးတဲ့ဆေးအမျိုးအစားတွေ... ဆေးပမာဏတွေ...စသည်ဖြင့် ထည့်သွင်းစဉ်းစားစရာတွေလဲ....ရှိနေတာမို့....အလွယ်တကူ ကောက်ချက်ချတဲ့ အပြုအမူမျိုးကတော့ ဆင်ခြင်သင့်ပါတယ်လို့ပဲ...ပြောရင်း နိဂုံးချုပ်လိုက်ပါရစေ....။

 

ရည်ညွှန်း -

https://www.drugabuse.gov/drug-topics/criminal-justice/science-drug-use-discussion-points?fbclid=IwAR370LGVg2EXEfkIBUAEQczK-auF4qsSCdpyrVyKk_ANl3zuKf09GOww3Jo

 

(အထက်ပါ‌ဖော်ပြချက်များကို Phoenix Association က အကောင်အထည်ဖော်လျက်ရှိသော “Improving Enabling Environment through increased Drug Policy Awareness” စီမံချက်၏ အစိတ်အပိုင်းတစ်ခု အဖြစ်ဖော်ပြပေးခြင်းဖြစ်ပါသည်။ မူးယစ်ဆေးဝါးမူဝါဒဆိုင်ရာခေါင်းစဉ်များထဲမှ အလျဉ်းသင့်သလို တင်ပြ ပေးလျက်ရှိပါသည်။)

 

Year: 

2021