တရားဥပဒေစိုးမိုးရေး ဆိုင်ရာ ဆောင်ရွက်ချက်များ

၂၀၁၄ ခုနှစ်မှ ၂၀၁၇ ခုနှစ် အတွင်း၌ လူထုအတွင်း ဥပဒေဆိုင်ရာ အခြေခံ အသိပညာ (Basic Legal  Knowledge)  ပြန့်ပွားရေးနှင့်  ဥပဒေ အထောက်အကူပြုလုပ်ငန်းများအား USAID/PRLP ထောက်ပံ့ကူညီမှုဖြင့် ဆောင်ရွက်ခဲ့ပြီး မိတ်ဖက်လူမှုရေးကွန်ရက်များဖြင့်လည်း PLHIV အခွင့်အရေးဆိုင်ရာ ဥပဒေ ရေးဆွဲခြင်းနှင့် ပြည့်တန်ဆာဆိုင်ရာ ဥပဒေ အသစ်ပြန်လည် ရေးဆွဲခြင်းများ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့်အပြင် မူးယစ်ဆေးဝါး သုံးစွဲသူများအတွက် ဆက်စပ် ပေါ်လစီ ဥပဒေကောင်းများ ပြဌာန်းနိုင်ရေး လုပ်ငန်းစဉ်များအား ဆောင်ရွက်နေပါသည်။

ဥပဒေ အထောက်အကူပြု ဥပဒေ (၂၀၁၆) အား  အထောက်အကူဖြစ်စေမည့် ပညာပေးလုပ်ငန်းများနှင့် အခမဲ့ ဥပဒေ အထောက်အကူပေးခြင်းလုပ်ငန်း စီမံချက်အား USAID ၏ ရံပုံငွေ ထောက်ပံ့ကူညီမှု အစီအစဉ်ဖြင့် Chemonics International အဖွဲ့နှင့် ပူးပေါင်းကာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ယခုစီမံချက်သည် မြန်မာနိုင်ငံ၏ တရားစီရင်ရေးဆိုင်ရာ အခန်းကဏ္ဍ အဆင့်မြှင့်တင်ခြင်း နှင့်ပြုပြင်ပြောင်းလဲခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အထောက်အပံ့အကူအညီကောင်းတစ်ခု ဖြစ်စေမည် ဖြစ်သည့်အပြင် သံသယ တရားခံများအတွက်လည်း ဥပဒေ၏ ရှေ့မှောက်တွင် တန်းတူညီမျှ ဥပဒေပါ အခွင့်အရေးများကို ရရှိခံစားနိုင်စေမည် ဖြစ်ပါသည်။

စီမံချက် မိတ်ဆက်ခြင်း

(ဆက်စပ်လူထုအဖွဲ့အစည်းများအား ဥပဒေအထောက်အကူပြုခြင်းအသိပညာ မြှင့်တင်ခြင်းနှင့် အမှုများအား အခမဲ့ကူညီ ဆောင်ရွက်ခြင်းဖြင့် ဥပဒေ အထောက်အကူပေးခြင်းအား လက်လှမ်းမီ ရရှိစေခြင်း)

စီမံချက် ရည်ရွယ်ချက်

(ပြည်သူလူထုအတွင်း ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေအား နားလည်စေပြီး လက်ရှိ ဖွဲ့စည်း အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ဥပဒေ အထောက်အကူပေးမှုများအား လက်လှမ်းမီစေရေး)

စီမံချက် ဧရိယာ

(ရန်ကုန်တိုင်းဒေသကြီး)

စီမံချက် ကာလ

(ဖေဖေါ်ဝါရီလ ၂၀၂၀ ခုနှစ် မှ ဖေဖော်ဝါရီလ ၂၀၂၂ ခုနှစ် ထိ)

စီမံချက် လုပ်ငန်းစဉ်များ

-           ပညာပေးလုပ်ငန်းများ

သတ်မှတ် အုပ်စုများအား အသိပညာမြှင့်တင်ခြင်း နှင့် လူထုတွင်း ဥပဒေ အထောက်အကူ ဆိုင်ရာ ဗဟုသုတ သတင်းအချက်အလက်များ ဖြန့်ဝေမည်

-           ဥပဒေအထောက်အကူပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ခရိုင်လေးခု (အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ အနောက်ပိုင်း)အတွင်းရှိ သက်ဆိုင်ရာ တရားရုံးများတွင် ရာဇဝတ်မှုဖြင့်သံသယရှိသူဟု သတ်မှတ်ပြီး ဥပဒေကြောင်းအရ တရားခံအဖြစ်စွပ်စွဲခံရသူများကို ဖီးနစ်အဖွဲ့မှ ရေးဆွဲပြဌာန်းထားသော ဥပဒေဆိုင်ရာအထောက်အပံ့ အကူအညီပေးခြင်း စံနှုန်းများ နှင့်ကိုက်ညီသည့် အမှု (၈၀) အား ဥပဒေ အထောက်အကူ အခမဲ့ကူညီပေးမည်။

(ဥပဒေဆိုင်ရာအထောက်အပံ့အကူညီပေးခြင်းစံနှုန်းများအား ပူးတွဲဖော်ပြထားပါသည်)

ဖီးနစ်အဖွဲ့၏ ဥပဒေဆိုင်ရာထောက်ပံ့ကူညီမှုများ ရယူနိုင်ရန်အတွက်လိုအပ်သော သတ်မှတ်ချက်များ
၁။ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာတရားရုံးတွင် ရာဇဝတ်ကြောင်းအရတရားစွဲဆိုခံရသူ ဖြစ်ရမည်။
၂။ရာဇဝတ်မှုတစ်ခုခုဖြင့် စွပ်စွဲခြင်း၊ ထိန်းသိမ်းခြင်း၊ ဖမ်းဆီးခြင်း၊ တရားစွဲခြင်း ပြစ်ဒဏ်ချမှတ်ခြင်း၊ အကျဉ်းချခြင်း ခံရသည့် ဆင်းရဲနွမ်းပါးသူများ၊ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ HIV ပိုးဖြင့် အသက်ရှင်နေထိုင်သူများ၊ ဦးတည်အုပ်စုဝင်များ (MSM,LGBT, Sex worker, Drug User)အခြားကူးဆက်မြန်ရောဂါခံစားနေရသူများ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ရွှေ့ပြောင်းအလုပ်သမားများကို ဦးစားပေးကူညီဆောင်ရွက်မည်။
၃။ လူမျိုး၊ ဘာသာ၊ အသားအရောင်၊ ကျား/မ၊ လိင်စိတ်ခံယူကွဲပြားမှု စသည်တို့အပေါ်မူတည်၍ ခွဲခြားမှုတစ်စုံတစ်ရာ အလျဉ်းမရှိပဲ ရာဇဝတ်ကြောင်းအရ တရားစွဲဆိုခံရသော စွပ်စွဲခံရသူများအတွက် ဥပဒေနှင့်အညီ ခုခံချေပနိုင်စေရန် ရည်ရွယ်၍ ဥပဒေဆိုင်ရာထောက်ပံ့ကူညီမှုများဆောင်ရွက်ပေးသွားမည်။
၄။ ဤကဲ့သို့တရားစွဲဆိုခံရသော စွပ်စွဲခံရသူများအတွက် ဥပဒေဆိုင်ရာထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာတွင် ဖီးနစ်အဖွဲ့၏ သက်ဆိုင်ရာတာဝန်ရှိသူများမှ လိုအပ်သလိုစီစဉ်ဆောင်ရွက်မည်ဖြစ်သည်။